News

POST TAGGED AS

လူသတ်မှု

မိုးကုတ်လေးလောင်းပြိုင်လူသတ်မှု သံသယရှိသူသုံးဦးကို စစ်ဆေး
မန္တလေး၊ မေ ၂၀

မိုးကုတ်မြို့နယ် စိန်အင်းကျေးရွာ တွင်ဖြစ်ပွားခဲ့သည့် လေးလောင်ပြိုင် လူသတ်မှုနှင့် ပတ်သက်၍ သံသယရှိသူသုံးဦးကို စစ်ဆေးနေကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး တင်ဇော်ထွန်း (ဦးစီးအရာရှိပထမတန်း) က ပြောကြားသည်။

“ဒီကိစ္စက တောထဲတောင်ထဲ ဖြစ်သွားတာဆိုတော့ ဘာကြောင့်ဖြစ်တယ်၊ ဘာလို့သတ်သွားတာလဲဆိုတာကို မှတ်ချက်ပြုဖို့ ခက်နေပါသေးတယ်”ဟု ၎င်းက ရှင်းပြသည်။

မိုးကုတ်မြို့နယ် ရွှေညောင်ပင် ကျေးရွာအုပ်စု၊ စိန်အင်းကျေးရွာတွင် နေထိုင်သော မိသားစုတစ်ခုမှ ဖခင်၊ မိခင်နှင့် ကလေးငယ်နှစ်ဦးတို့သည် ၎င်းတို့ လယ်ယာလုပ်ငန်းလုပ်ကိုင်သည့် ယာကွက်ရှိ တဲတစ်ခုအတွင်းတွင် ဓားဒဏ်ရာများစွာဖြင့် သေဆုံးနေသည်ကို မေလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်အချိန်က တွေ့ရှိခဲ့ခြင်းနှင့်ပတ်သက်၍ ဒုတိယရဲမှူးကြီးက ပြောဆိုခြင်းဖြစ်သည်။

လက်ရှိတွင် တိုင်း၊ ခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခု ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်းလည်း ၎င်းက ထပ်မံပြောကြားသည်။

အသက် ၄၉ နှစ်အရွယ် ဦးရန်တား၊ အသက် ၄၂ နှစ်အရွယ်ရှိ ဒေါ်စံလူမီး၊ အသက် ၁၅ နှစ်အရွယ်ရှိ မောင်အလေးနှင့် အသက် ၁၀ နှင့်အရွယ် မအာဝူမီးတို့ ခန္ဓာကိုယ်အနှံ့အပြားတွင် ဓားဒဏ်ရာများစွာဖြင့် ယာတဲအတွင်း သေဆုံးနေသည်ကို ယာတဲသို့လာသည့် မိသားစုဝင် ဦးရန်စီးတက်က စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မိုးကုတ်မြို့ ကျပ်ပြင်နယ်မြေရဲစခန်းက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှတ်တမ်းများအရ သိရသည်။

ယခုကဲ့သို့ မိသားစုတစ်ခုလုံး အသတ်ခံရသည့်ဖြစ်စဉ်သည် ၂၀၁၇ ခုနှစ်အတွင်းက ရွှေညောင်ကျေးရွာအုပ်စုအနီး လယ်ယာစိုက်ပျိုးရေးနှင့် သောက်သုံးရေအတွက် ရေအရင်းအမြစ်တစ်ခုကို လုခဲ့ကြသည့် ကိစ္စနှင့်ဆက်စပ်နိုင်ကြောင်း မိုးကုတ်ဒေသခံအချို့က ပြောဆိုသည်။

မိသားစုဝင်များ တစ်ချိန်တည်း အသတ်ခံရမှုအနေနှင့် ၂၀၁၆ ခုနှစ် ဩဂုတ်လအတွင်းက မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ ရွှေနံ့သာကျေးရွာအုပ်စု၊ ပတ္တမြားမြို့သစ်တွင် ရဲတပ်ဖွဲ့ဝင်ဟောင်း၏ အိမ်တွင်ဖြစ်ပွားခဲ့သော လေးလောင်းပြိုင် လူသတ်မှုနှင့် ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့က ဘိုကလေးမြို့နယ် သရော်ချောင်းကျေးရွာအုပ်စု ခိုင်ရွှေဝါကျေးရွာ၌လည်း လေးလောင်းပြိုင် လူသတ်မှုတို့ ဖြစ်ခဲ့ဖူးသည်။ 

M-04



FOLLOW US