News

POST TAGGED AS

လူသတ်မှု

ရနောင်းလူသတ်မှုအယူခံအတွက် အချိန်တစ်လ ထပ်တိုးပေးရန် ထိုင်းတရားရုံးသို့လျှောက်ထား
ရန်ကုန်၊ မေ ၁၀

ရနောင်းလူသတ်မှုတွင် တရားခံဟု အမိန့်ချခံထားရသည့် မြန်မာလုပ်သားများအတွက် အယူခံဝင်ရာတွင် အမှုပြင်ဆင်ချိန် တစ်လထပ်တိုးပေးရန် ထိုင်း တရားရုံးသို့လျှောက်ထားကြောင်း တရားခံဘက်မှ ထိုင်းလူမျိုးရှေ့နေ Ms. Supansa Marem က ပြောကြားသည်။

ထိုင်းနိုင်ငံအတွင်း မြန်မာလုပ်သားများ ကြုံတွေ့ခဲ့ရသည့် လိပ်ကျွန်းလူသတ်မှုနှင့် ရနောင်းလူသတ်မှုများနှင့် ပတ်သက်သည့် အမှုအခြေအနေကို ရှင်းလင်းသည့် သတင်းစာရှင်းလင်းပွဲကို မေလ ၁၀ ရက်က ရန်ကုန်မြို့၌ပြုလုပ်ခဲ့ပြီး ထိုပွဲတွင် ရှေ့နေများက မီဒီယာများကို ရှင်းပြခဲ့ခြင်းဖြစ်သည်။

၂ နှစ်ကျော်ကြာ စစ်ဆေးခဲ့သည့် ထိုလူသတ်မှုကို ဧပြီလ ၁၉ ရက်က အမိန့်ချခဲ့ပြီး ထိုင်းဥပဒေအရ အမိန့်ချသည့် ရက်မှတစ်လအတွင်း အယူခံရမည်ဖြစ်ပြီး အချိန်မလုံလောက်ပါက နောက်ထပ် တစ်လ ထပ်မံ လျှောက်ထားနိုင်သည့်အတွက် နောက်ထပ် တစ်လထပ်မံလျှောက်ထားခြင်းဖြစ်ပြီး ဇွန်လ ၁၉ ရက် နောက်ဆုံးအယူခံတင်ရမည်ဖြစ်ကြောင်း ထိုင်းလူမျိုး ရှေ့နေ Ms. Supansa Marem က ရှင်းပြသည်။

“အမှုကို သေချာပြင်ဆင်နေတာကြောင့် အချိန်ယူချင်တယ်၊ အယူခံတင်မယ့် ရက်အတိအကျကိုတော့ မပြောနိုင်သေးဘူး။ တရားရုံးရဲ့ အမိန့်ကိုတော့ လေးစားသောအားဖြင့် တရားတယ်၊ မတရားဘူးတော့ မပြောလိုပါဘူး။ ဟာကွက်တွေတော့ အများကြီး ရှိပါတယ်”ဟု ၎င်းကဆိုသည်။

ထိုအမှုတွင် စွပ်စွဲခံရသူ စိန်ကတုံးကို ထောင်ဒဏ် ၈ နှစ်၊ ဇော်လေးကို ထောင်ဒဏ် ၆ နှစ်နှင့် နှစ်ဦးပေါင်း ဘတ်ငွေ ၅ သိန်း ၇ သောင်း ဒဏ်ငွေ ပေးဆောင်ရမည်ဖြစ်ပြီး အသက်မပြည့်သေးသည့် မိုးဇင်အောင်ကို ထောင်ဒဏ် ၄ နှစ် ဒဏ်ငွေဘတ် ၈ သိန်း ၁ သောင်းနှင့် ကျော်စိုးဝင်းကို ၂ နှစ်နှင့် ဒဏ်ငွေ ဘတ် ၁ သိန်း ၇ သောင်း အသီးသီး ချမှတ်ခဲ့ခြင်းဖြစ်ပြီး ကျော်စိုးဝင်းမှာ ချုပ်ရက်ပြည့်၍ ပြန်လွတ်လာပြီဖြစ်သည်။

“ကျွန်တော်တို့ တကယ် မကျူးလွန်ပါဘူး။ ကျွန်တော်တို့ကို ရဲကထိုးတယ် ရိုက်ပြီး ဝန်ခံခိုင်းတယ်။ ကြာတော့ မခံနိုင်တော့ဘူး”ဟု ပြန်လွတ်လာသူ မောင်ကျော်စိုးဦးက ဆိုသည်။

ယင်းအမှုတွင် မြန်မာလုပ်သား လေးဦး၏ အလုပ်ရှင် ထိုင်းသူဌေးက စွပ်စွဲခံလုပ်သား လေးဦးသည် အခင်းဖြစ်ပွားချိန်၌ လုပ်ငန်းခွင်တွင်ရှိနေသည်ဟု ထွက်ဆိုခဲ့ပြီး စွပ်စွဲခံ မြန်မာလုပ်သား လေးဦးကလည်း လူသတ်မှု ကျူးလွန်ခြင်းမရှိကြောင်း တရားရုံး၌ ထွက်ဆိုခဲ့သည်။

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်က ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့တွင် ဖြစ်ပွားခဲ့သော အသက် ၁၈ နှစ်ရှိ ထိုင်းကျောင်းသူတစ်ဦး သေဆုံးမှု၌ မြန်မာလုပ်သား စိန်ကတုံး၊ ဝေလင်း၊ မိုးဇင်အောင်နှင့် ကျော်စိုးဝင်းတို့က ဓားဖြင့် ၁၇ ချက် ထိုးသတ်ခဲ့သည်ဟူသော သံသယဖြင့် ထိုင်းရဲတပ်ဖွဲ့က ယင်းနှစ် အောက်တိုဘာ ၂၀ ရက်၌ ဖမ်းဆီးခဲ့ပြီး ၎င်းတို့ကို လူသတ်မှု၊ ပူးပေါင်းကြံစည်မှုနှင့် လိမ်လည်ထွက်ဆိုမှုတို့ဖြင့် ထိုင်းရဲတပ်ဖွဲ့က တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ဝေလင်း



FOLLOW US