News

POST TAGGED AS

လူသတ်မှု

အမျိုးသမီးတစ်ဦးကိုသတ်ပြီး ငွေ၊ လက်ဝတ်ရတနာများ ယူဆောင်သွားသည့် သစ်သီးသည်ကို တရားစွဲ
ရန်ကုန်၊ မေ ၉

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၂၆) ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် အသက် ၅၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို သတ်ပြီး လက်ဝတ်ရတနာနှင့်ငွေများ ယူဆောင်သွားသည့် သစ်သီးသည် အမျိုးသားကို မေလ ၈ ရက် မွန်းလွဲပိုင်းက အရှေ့ပိုင်းခရိုင်တရားရုံးတွင် တရားစွဲဆိုလိုက်သည်။

မအူပင်မြို့နယ်တွင် မွေးဖွားပြီး ကော့မှူးမြို့နယ်တွင် ကွမ်းခြံစိုက်ပျိုးရေးလုပ်ငန်း၊ ထားဝယ်မြို့နယ်တွင် ရော်ဘာစိုက်ပျိုးရေးခြံလုပ်ငန်းတွင် လုပ်ကိုင်ခဲ့ဖူးသူ သီရိမောင် (၂၇ နှစ်) သည် မြေနီကုန်းအနီးတစ်ဝိုက်တွင် တွန်းလှည်းတစ်စီးဖြင့် သစ်သီးများရောင်းချစဉ် Online မှတစ်ဆင့် ခင်မင်ရင်းနှီးသူ အသက် ၅၄ နှစ်အရွယ် အမျိုးသမီးကို ဧပြီလ ၃ ရက်နေ့က သွားရောက်တွေ့ဆုံခဲ့ပြီး မီးဖိုချောင်သုံး စတီးဓားမဖြင့် ခုတ်သတ်ကာ လက်ဝတ်ရတနာများ၊ ငွေများကို ယူဆောင်ထွက်ပြေးသွားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

“အခင်းဖြစ်တဲ့နေရာကို သွားစစ်ဆေးတဲ့အချိန်တုန်းက လက်ဝတ်ရတနာတွေ၊ ငွေတွေပျောက်ဆုံးနေတယ်ဆိုတာ သိရတာ။ ပြီးတော့ ပါးစပ်ကိုလည်း ပုဆိုးစနဲ့ပိတ်ပြီး လည်ပင်းနဲ့တွဲချည်ထားတယ်။ ခုတ်သတ်ခဲ့တဲ့ဓားရယ်၊ နေအိမ်ပိတ်တဲ့ သော့ရယ် ရေချိုးအုတ်ကန်ထဲမှာ တွေ့ခဲ့တယ်။ အဲဒါတွေရပြီး သေဆုံးသူမှာ ဘယ်သူတွေနဲ့ အဆက်အသွယ်ရှိလဲ စစ်ဆေးတဲ့အချိန်မှာ သစ်သီးသည်နဲ့ အဆက်အသွယ်ရှိတယ်ဆိုတာ သိရတာ၊ အဲဒါနဲ့ သစ်သီးသည်ကို စုံစမ်းတော့ အခင်းဖြစ်ပြီး ပျောက်ဆုံးနေတာနဲ့ လိုက်လံရှာဖွေဖမ်းဆီးရာ အမှုပေါ်ခဲ့တာပါ”ဟု အမှုဖွင့်စစ်ဆေး ပေါ်ပေါက်ချက်အရ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ဓားဖြင့် ခုတ်သတ်ပြီး ပစ္စည်းများ ယူဆောင်ထွက်ပြေးသွားသည့် သီရိမောင်ကို အခင်းဖြစ်ပြီး ၅ ရက်အကြာ ဧပြီလ ၈ ရက်နေ့က ထားဝယ်မြို့နယ်၊ မေတ္တာမြို့ရှိ ရော်ဘာခြံတစ်ခြံတွင် ယူဆောင်သွားသည့် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့ပြီး စစ်ဆေးမေးမြန်းဆောင်ရွက်ကာ တရားစွဲဆိုတင်ပို့ခဲ့သဖြင့် အရှေ့ပိုင်းခရိုင်တရားရုံးက အမှုအမှတ် ၁၅၀/၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၄/၃၀၂ ဖြင့်လက်ခံခဲ့ပြီး ဒုတိယခရိုင်တရားသူကြီး (၁၀) က ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

J-16



FOLLOW US