News

POST TAGGED AS

လူသတ်မှု

08-May-2018

လူသတ်မှု မန္တလေး
သားအမိနှစ်ဦးကိုသတ်ကာ မီးရှို့အလောင်းဖျောက်သူကို သေဒဏ်ချ

မန္တလေး၊ မေ ၈

ပြည်ကြီးတံခွန်မြို့နယ်အတွင်းမှ သားအမိနှစ်ဦးကိုသတ်ကာ အလောင်းဖျောက်ခဲ့သူကို မန္တလေးခရိုင်တရားရုံးက မေလ ၈ ရက်နေ့တွင် သေဒဏ်ချမှတ်လိုက်သည်။

ပြည်ကြီးတံခွန်မြို့နယ် ထိန်ကုန်းရပ်ကွက်မှ အသက် ၃၇ နှစ်အရွယ် ဒေါ်နန်းခင်ထွေးဝင်းနှင့် ၎င်း၏သမီးဖြစ်သူ အသက်သုံးနှစ်အရွယ်ရှိ မနန်းရွှေရည်မိုးတို့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ ညနေ ၅ နာရီခန့်က နေအိမ်အခန်းအတွင်း သေဆုံးနေခဲ့ပြီး မီးရှို့ထားသည်ကို ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့သော အမှုဖြစ်သည်။

“ဥပဒေပုဒ်မ ၃၀၂ - ၁ (ဂ)နဲ့ ပြစ်မှု ထင်ရှားတယ်ဆိုပြီတော့မှ သေဒဏ်ချမှတ်လိုက်တာပါ။ ထောင်ဒဏ်ခုနစ်နှစ် အထိချမှတ်နိုင်တဲ့အမှုကို ကျူးလွန်နေစဉ်မှာ လူသတ်မှုကိုကျူးလွန်တဲ့ပုဒ်မဖြစ်တယ်။ ရာဇသတ်ကြီးပုဒ်မ ၄၃၆ နဲ့ကတော့ အလုပ်နဲ့ထောင်ဒဏ် ဆယ်နှစ် သီးခြားစီ ချထားပါတယ်”ဟု မန္တလေး ခရိုင်တရားရုံး၏ ပြန်ကြားရေးအရာရှိ ဒုတိယခရိုင်တရားသူကြီး ဦးစောဝီလီက ပြောကြားသည်။

သေဆုံးနေသည့် ဒေါ်နန်းခင်ထွေးဝင်း၏ အလောင်းကို ပလတ်စတစ်ပုံးတစ်ခုအတွင်း တွေ့ရှိရပြီး ကလေးငယ်၏အလောင်းသည်လည်း ခရီးဆောင် အိတ်တစ်ခုအတွင်း မီးလောင်ထားသည့် အနေအထားဖြင့် တွေ့ရှိခဲ့သောအမှု ဖြစ်သည်။

“အမှုတည်ဆောက်တုန်းက တော်တော်လေးကို တည်ဆောက်ခဲ့ရတယ်။ အမှုမှာက မျက်မြင်သက်သေ မရှိဘူးဖြစ်နေခဲ့တာ။ အဲ့ဒီမှာ ရဲတပ်ဖွဲ့ဆီမှာ စွပ်စွဲခံသူ က ပေးထားတဲ့ဖြောင့်ချက်ရှိတယ်။ ဒါက လည်း ပြန်ရုပ်သိမ်းပေးလို့ရတယ်။ ရုပ်လည်းရုပ်သိမ်းခဲ့တယ်။ ဒါပေမဲ့ တော်တော်ကြီးကြာမှ ရုပ်သိမ်းတာဖြစ်တဲ့အတွက် အကြံရပြီးတော့ ဆောင်ရွက်တာဖြစ်နိုင်တယ်လို့ တရားသူကြီးက သုံးသပ်သွားပါတယ်။ ဒီအမှုကထိုက်သင့်တဲ့ ပြစ်ဒဏ်ပါပဲ”ဟု တရားလိုအကျိုးဆောင်ရှေ့နေ ဦးစောထိန်သိန်းက ပြောကြားသည်။

ကျူးလွန်သူ၏ ဖြောင့်ချက်ကို ရဲတပ်ဖွဲ့က သက်သေအဖြစ် တင်သွင်းခဲ့ရာတွင် ခိုင်ဝေက ယင်းဖြောင့်ချက်ကို ရုပ် သိမ်းပေးရန် တောင်းဆိုခဲ့သော်လည်း ၎င်း၏ထွက်ဆိုချက်များနှင့် စစ်ဆေးပေါ် ပေါက်ချက်များတပ်တူဖြစ်နေသည်ဟု မန္တလေးခရိုင် ဒုတိယတရားသူကြီး (၇) ဒေါ်တင့်တင့်ဌေးက အမိန့်ချရာတွင် သုံးသပ်သွားခဲ့သည်။

တရားရုံးက ချမှတ်လိုက်သည့်ပြစ်ဒဏ်သည် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ရက်စက်စွာ သတ်ခဲ့သူအတွက် ထိုက်တန်သည့်ပြစ်ဒဏ်ဖြစ်၍ တရားမျှတမှုရှိစွာ ချမှတ်ခဲ့သည့် အမိန့်ဖြစ်ကြောင်း သေဆုံးသူ၏ခင်ပွန်း တရားလိုဖြစ်သူ ဦးဘိုတောက်က ပြောဆိုသည်။

သေဒဏ်ချမှတ်ခံရသူ အသက် ၂၀ ကျော်အရွယ်ရှိ ခိုင်ဝေသည် ခရိုင်တရားရုံးကချမှတ်သည့် ပြစ်ဒဏ်အပေါ် အယူခံတက်မည်ဆိုပါက ခုနစ်ရက်အတွင်း အယူခံတက်ရမည်ဖြစ်ကာ ခရိုင်တရားရုံး၏အမိန့်ကို တိုင်းတရားလွှတ်တော်က အတည်ပြုပေးရမည်ဖြစ်သည်။

တရားရုံးက ချမှတ်လိုက်အမိန့်ကို အကျဉ်းထောင်က ပြစ်ဒဏ်စီရင်ရာတွင် သေဒဏ်ကို ဦးစွာ တရားစီရင်မည်ဆိုပါက ထောင်ဒဏ်ဆယ်နှစ် ပါဝင်သွားမည်ဖြစ်ပြီး ထောင်ဒဏ်ဆယ်နှစ်ကို ဦးစွာကျခံရမည်ဆိုပါက ယင်းထောင်ဒဏ်ပြည့်မှသာ သေဒဏ်ကျခံရမည်ဖြစ်သည်။

မန္တလေးခရိုင် တရားရုံးအနေနှင့် ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းကလည်း ကုမ္ပဏီဝန်ထမ်းနှစ်ဦးကို အက်စစ်ဖြင့်ထိုးသွင်းကာ သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးကို သေဒဏ်ပေးခဲ့ဖူးသည်။

M-04



FOLLOW US