News

POST TAGGED AS

လူသတ်မှု

21-Sep-2016

လူသတ်မှု
လေးလောင်းပြိုင် လူသတ်မှု တစ်လ ကြာမြင့်ခဲ့သော်လည်း တရားခံ မမိသေး
ရန်ကုန်၊ စက်တင်ဘာ၂၁

အများပြည်သူ စိတ်ဝင် စားနေသည့် မင်္ဂလာဒုံမြို့နယ် လေးလောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့သည်မှာ တစ်လ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ယင်းအမှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူကို ဖော်ထုတ် ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

သြဂုတ်လ ၂ဝ ရက်နေ့က ရဲအရာရှိဟောင်း၏ နေအိမ်တွင် မိသားစုဝင် လေးဦး ထိုးသွင်း ဒဏ်ရာများဖြင့် သေဆုံးခဲ့မှုမှ မသင်္ကာသော အမည်မသိ အမျိုးသား သုံးဦး၏ ဓာတ်ပုံကို ရဲတပ်ဖွဲ့က တစ်နိုင်ငံလုံး အနှံ့ ဖြန့်ဝေခဲ့သော်လည်း ယနေ့ အချိန်အထိ အဆိုပါ အမျိုးသား သုံးဦးနှင့် ပတ်သက်၍ သဲလွန်စ တစ်စုံတစ်ရာ မရရှိသေးကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

“ဒီအမှုနဲ့ ပတ်သက်ပြီး စီအိုင်ဒီက မကြာခင်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မယ်လို့ သတင်းတွေ ကြားတယ်၊ ဒါပေမဲ့ ဘယ်နေ့ ဘယ်ရက် ဆိုတာတော့ မသိရသေးဘူး”ဟု ယင်းအမှုကို စုံစမ်း စစ်ဆေးနေသည့် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
 
လေးလောင်းပြိုင် လူသတ်မှုနှင့် ပတ်သက်၍ မသင်္ကာသူ ၇ဝ ဦးကျော်ကို ခေါ်စစ်ဆေးခဲ့ပြီး ဖြစ်ကြောင်း၊ အခင်းဖြစ် နေအိမ်မှ အိမ်ထောင် ဦးစီးဖြစ်သူ ရဲအရာရှိဟောင်း ကိုစိုးနောင်၏ဘေးတွင် သိမ်းဆည်းရမိခဲ့သည့် ၁၁ လက်မအရွယ်ရှိ ဓားမြှောင်မှာ ဓားလက်ကိုင်ရိုး မျက်နှာပြင် ကြမ်းရှနေသောကြောင့် လက်ဗွေ ရှာဖွေ၍ မရခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိုင်းမှူး ရဲမှူးကြီး မျိုးဆွေက ပြောကြားထားသည်။

“ဒီအမှုမှာ ရဲအရာရှိဟောင်းက မိသားစုကို သတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံး စီရင်ခဲ့တာလည်း ဖြစ်နိုင်ကြောင်း အမှုစစ်ဆေးရာမှာ ပါဝင်တဲ့ ရဲအရာရှိ အချို့က သုံးသပ်ကြတယ်၊ ရဲအရာရှိ အချို့က မသင်္ကာသူ သုံးဦးကို ခေါ်စစ်ဆေးပြီးမှ ဒီအမှု ဖြစ်စဉ်ကို ချပြနိုင်မှာလို့လည်း ယူဆနေကြတယ်၊ စီအိုင်ဒီက အမှု အသေးစိတ် ကိုင်တွယ် စစ်ဆေးနေတယ်”ဟု မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

သေဆုံးသူ ကိုစိုးနောင်မှာ အရပ် ၅ ပေ ၈ လက်မ ရှိ၍ ဗလကောင်းသူ ဖြစ်ပြီး သိုင်းပညာတတ်ကာ လူ နှစ်ဦးနှင့် ယှဉ်ပြိုင် တိုက်ခိုက်နိုင်စွမ်း ရှိသူဖြစ်ကြောင်း၊ ယင်းအပြင် ကိုစိုးနောင်မှာ ဂမ္ဘီရစာအုပ်နှင့် ဖြစ်ရပ်မှန် မှုခင်းစာအုပ်များ အမြဲ ဖတ်တတ်သူ တစ်ဦးဖြစ်ပြီး အခင်းဖြစ် နေအိမ်အနီးမှ ယတြာ ချေထားသည့် အထုပ် ရှစ်ထုပ်ကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အကြီးတန်း ရဲအရာရှိ တစ်ဦးက ပြောကြားသည်။ 

“ကိုစိုးနောင်က ကိုယ်ခံပညာ တတ်သူ တစ်ယောက်ပါ၊ အခင်းဖြစ်ချိန်က အကယ်လို့ သူက ခုခံ သတ်ပုတ်ခဲ့မယ်ဆို မတူညီတဲ့ ခုတ်မိတဲ့ ဒဏ်ရာ၊ လှီးမိတဲ့ ဒဏ်ရာ၊ ပွန်းခြစ်မိတဲ့ ဒဏ်ရာတွေ ရနိုင်တယ်၊ ဒါပေမဲ့ အခု ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက် အရဆို သူ့ခန္ဓာကိုယ်မှာ ထိုးသွင်းဒဏ်ရာအပြင် အခြားဒဏ်ရာမျိုး မတွေ့ခဲ့ဘူးဆိုတာက စဉ်းစားစရာ အချက် ဖြစ်လာပြီ၊ ဒါက ရဲစစ်ဆေးချက်ပေါ့၊ မှုခင်း ဆရာဝန်ရဲ့ စစ်ဆေးချက်က ဘယ်လို အဖြေ ထွက်လာမလဲတော့ မသိဘူး၊ ဒါနှစ်ခုကို အခြေခံပြီး စီအိုင်ဒီက သတင်းစာ ရှင်းလင်းပွဲ လုပ်မယ် ထင်တယ်”ဟု လေးလောင်းပြိုင်လူသတ်မှု နှင့် ပတ်သက်၍ အငြိမ်းစား ရဲမှူးကြီး တစ်ဦးက သုံးသပ် ပြောကြားသည်။

ကိုစိုးနောင် ဘယ်လက်အနီးတွင် ဓားမြှောင် တွေ့ရှိခဲ့သော်လည်း ကိုစိုးနောင်မှာ ညာသန် တစ်ဦးဖြစ်ကြောင်း ဘာသာတရား ကိုင်းရှိုင်းသူဖြစ်ကြောင်းနှင့် နေအိမ်အနီး ရဲတပ်ဖွဲ့က တွေ့ရှိခဲ့သော အထုပ် ရှစ်ထုပ်မှာ မြေးနှစ်ယောက် ကျန်းမာရေး ကောင်းအောင် ၎င်းကိုယ်တိုင် ယတြာချေပေး ထားခြင်းဖြစ်ကြောင်း ကျန်ရစ်သူ ကိုစိုးနောင်၏ ယောက္ခမ ဒေါ်ရီရီနွဲ့က ပြောကြားသည်။

ယင်းအမှု ဖြစ်ပွားခဲ့သည့် နယ်မြေအပိုင် ထောက်ကြန့် နယ်မြေရဲစခန်းမှူး ဌေးဝင်းက လေးလောင်းပြိုင် လူသတ်မှုကို တိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် စီအိုင်ဒီ ပူးပေါင်း စစ်ဆေးနေပြီး လက်ရှိ စစ်ဆေးချက်များအရ ခိုင်လုံမှု မရှိသေးသောကြောင့် လူထုထံ တစ်စုံတစ်ရာမှ ထုတ်ဖော် ပြောနိုင်ခြင်း မရှိသေးဟု ဆိုသည်။

  • VIA


FOLLOW US