News

POST TAGGED AS

လူသတ်မှု

04-May-2018

လူသတ်မှု
သံမဏိနှင်းဆီဂျာနယ်ထုတ်ဝေသူ အသတ်ခံရမှု တရားစွဲဆိုခံရသူများကို သေဒဏ်အထိ ချမှတ်နိုင်သည့်ပုဒ်မဖြင့် စွဲချက်တင်
ရန်ကုန်၊ မေ ၃

ပုဇွန်တောင်မြို့နယ်ရှိ သံမဏိနှင်းဆီဂျာနယ်တိုက်ရုံးခန်းတွင် ထုတ်ဝေသူ အသတ်ခံရမှုမှ တရားစွဲဆိုထားသူများကို သေဒဏ်အထိချမှတ်နိုင်သည့် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁)(ခ) အပါအဝင် အခြားပုဒ်မများဖြင့် စွဲချက်တင်စစ်ဆေးရန် အမိန့်ချမှတ်လိုက်ကြောင်း အရှေ့ပိုင်းခရိုင် တရားရုံးထံမှ သိရသည်။

ယမန်နှစ် သင်္ကြန်ကာလကဖြစ်ပွားခဲ့သော အဆိုပါ လူသတ်မှုမှ ပြစ်မှုကျူးလွန်သူဟုဆိုသူကို အရှေ့ပိုင်းခရိုင် တရားရုံးတွင် တရားစွဲဆိုစစ်ဆေးခဲ့ပြီးနောက် ပြစ်မှုကျူးလွန်သူဟုဆိုသော အောင်ကိုကိုမှာ သေဒဏ်ချမှတ်နိုင်သည့် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁)(ခ) ဖြင့် လည်းကောင်း၊ လူသတ်မှု ကျူးလွန်ရာတွင် ပူးပေါင်းပါဝင်ခဲ့သူဟုဆိုသော ပြည့်သူနိုင် (ခ) ဘုရားပွဲကို သေဒဏ်ချမှတ်နိုင်သည့် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁)(ခ)/ ၃၄ ဖြင့်လည်းကောင်း စွဲချက်တင်ခဲ့ပြီး အောင်ကိုကို၏ ဇနီးဖြစ်သူ မရိုစီမှာ ထောင်ဒဏ်ခြောက်လအထိသာချမှတ်နိုင်သည့် ရာဇသတ်ကြီး ပုဒ်မ ၂၀၂ ဖြင့် စွဲချက်တင်စစ်ဆေးရန် မေလ ၃ ရက်နေ့က အမိန့်ချမှတ်ခဲ့သည်။

တရားစွဲဆိုခံရသူ သုံးဦးအနက် မရိုစီ (ခ) မအယ်နီမှာ အသတ်ခံရသည့်သံမဏိနှင်းဆီ ဂျာနယ်တိုက်မှအယ်ဒီတာ ကိုဝေယံဟိန်းနှင့် ဖေ့စ်ဘွတ်ခ်ပေါ်မှ တစ်ဆင့်ခင်မင်ချစ်ကြိုက်ခဲ့ပြီး အပြင်တွင် မကြာခဏချိန်းတွေ့ကြောင်းကို ၎င်း၏ ခင်ပွန်းဖြစ်သူ အောင်ကိုကိုက သိရှိခဲ့ပြီးနောက်သူငယ်ချင်းဖြစ်သူ ပြည့်သူနိုင် (ခ) ဘုရားပွဲ နှင့်အတူ သံမဏိနှင်းဆီဂျာနယ်တိုက်သို့သွားရောက်ပြီး ကိုဝေယံဟိန်းကို သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းနောက် ဧပြီလ ၁၆ ရက်နေ့ တွင်ဂျာနယ်တိုက်အတွင်းမှ အပုပ်နံ့များထွက်နေသောကြောင့် တာဝန်ရှိသူများကဝင်ရောက်စစ်ဆေးခဲ့ရာ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ ၁၅ ချက်ဖြင့် သေဆုံးနေသော ကိုဝေယံဟိန်း၏ ရုပ်အလောင်းကိုတွေ့ရှိခဲ့ပြီးနောက် စုံစမ်းစစ်ဆေးရာမှ ပြင်ဦးလွင်မြို့သို့ ထွက်ပြေးတိမ်းရှောင်နေသော အောင်ကိုကိုတို့ဇနီးမောင်နှံကို ဖမ်းမိခဲ့ပြီးနောက် ပြည့်သူနိုင် (ခ) ဘုရားပွဲကိုပါ ထပ်မံဖမ်းမိခဲ့ခြင်း ဖြစ်သည်။

S-03



FOLLOW US