News

POST TAGGED AS

လူသတ်မှု

သမီးရည်းစားနှစ်ဦးကို လမ်းခွဲခိုင်းသည့် ဦးလေး အသတ်ခံရ
ရန်ကုန်၊ မတ် ၂၁

သမီးရည်းစားနှစ်ဦးကို လမ်းခွဲခိုင်းသည့် မိန်းကလေးဘက်မှ ဦးလေးတော်စပ်သူမှာ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းလှိုင်ရပ်ကွက်၊ ဗန်ဒါပင်လမ်းတွင် ဓားဖြင့်ထိုး သတ်ခံရကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

သေဆုံးသူ အသက် ၃၆ နှစ် ကိုဌေးကျော်မှာ ဗန်ဒါပင်လမ်းတွင် နေထိုင်သူဖြစ်ပြီး မတ်လ ၂၀ ရက် မွန်းလွဲ ၁ နာရီက ၎င်း၏တူမနှင့် အဆက်အသွယ် ဖြတ်ခိုင်းခဲ့သော တူမ၏ ရည်းစားဟောင်းဖြစ်သူ အသက် ၂၂ နှစ် ထင်လင်းကျော်မှ ရောက်ရှိလာပြီး ဓားဖြင့် ထိုးခဲ့သောကြောင့် ကိုဌေးကျော်၏လည်ပင်းတွင် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ အောက်မေးစေ့ ပြတ်ရှဒဏ်ရာ တစ်ချက်ရရှိခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ရာ ယင်းနေ့ ညနေ ၄ နာရီတွင် သေဆုံးခဲ့ကြောင်း အမှုဖွင့်တိုင်ကြား ချက်အရ သိရသည်။

“ဦးလေးဖြစ်သူက သူ့တူမကို ကောင်လေးနဲ့ သမီးရည်းစား ဆက်မလုပ်ဖို့ ပြောခဲ့တယ်။ တူမကလည်း ဦးလေး စကားနားထောင်ပြီး ရည်းစားကို ဖြတ်လိုက်တယ်။ ဒါကို မကျေနပ်လို့ ရန်ငြိုးထားပြီး ပြစ်မှုကျူးလွန်သူက ဓားနဲ့လာထိုးတာ။ အခင်းဖြစ်ည ၁၁ နာရီမှာပဲ တရားခံကို ဖမ်းမိတယ်”ဟု ရဲအရာရှိကပြောသည်။

ပြစ်မှုကျူးလွန်သူဆိုသူ ထင်လင်းကျော်ကို ၎င်းနေထိုင်ရာ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ နေအိမ်တွင် ဖမ်းမိခဲ့ပြီးနောက် ကြည့်မြင်တိုင်မြို့မ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူ စစ်ဆေးဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03



FOLLOW US