News

POST TAGGED AS

လူသတ်မှု

29-Aug-2016

လူသတ်မှု
ဗဟန်း၌ စိတ်ဖောက်ပြန်နေသူက အမျိုးသမီးတစ်ဦးကို သတ်
ဗဟန်းမြို့နယ် ကျိုက္ကဆံရပ်ကွက် ဥဿဖုရားလမ်းရှိ နှစ်ထပ်တိုက် နေအိမ်တစ်လုံး၌ ယနေ့(သြဂုတ် ၂၉ ရက်) နံနက် ၂ နာရီက မိသားစုဝင် သုံးဦးကို စိတ်ဖောက်ပြန်နေသည့်အမျိုးသားတစ်ဦးက လည်ပင်းညှစ်ရိုက်နှက်ရာမှ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

သေဆုံးခဲ့သူ ဒေါ်ခိုင်မာလာ(အသက် ၄၁ နှစ်အရွယ်)မှာ ၎င်း၏ ကလေးငယ်နှစ်ဦးနှင့်အတူ နေအိမ်အပေါ်ထပ်၌ အိပ်ပျော်နေစဉ် ခင်ပွန်း၏ ညီအရင်းဖြစ်သူ အသက် ၃၂ နှစ်အရွယ် ကိုဇင်ဘိုဆိုသူ နေအိမ်သို့ ရောက်ရှိလာပြီး ၎င်း၏ ပါးစပ်အတွင်း အဝတ်စထိုးထည့်ကာ လည်ပင်းညှစ်သတ်ပြီးနောက် အနီးရှိ ကိုးနှစ်အရွယ် သမီးအကြီးဖြစ်သူကိုပါ လည်ပင်းညှစ်ရိုက်နှက်ခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်များအရ ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“နေအိမ်ထဲမှာ ရိုက်နှက်ဆူညံသံတွေကြားလို့ သေဆုံးသူအမျိုးသမီးရဲ့ အဒေါ်ဖြစ်သူက ဘေးအိမ်ကလူတွေ ခေါ်ပြီး အပေါ်ထပ်က မီးမှောင်နေတဲ့ မခိုင်မာလာအိပ်ခန်းထဲ ဝင်ကြည့်ခဲ့တယ်။ အခန်းထဲမှာ ဇင်ဘိုကို တွေ့ပြီး သူက ဘာမှ မဖြစ်ပါဘူး။ သူတို့ကို မေ့ဆေးပေးထားတာပါပြောပြီး ဝင်ကြည့်သူတွေကို အောက်ထပ် ခေါ်သွားတယ်။ မသင်္ကာလို့ အပေါ်ထပ် ပြန်တက်ကြည့ှ်တော့ မခိုင်မာလာရဲ့ မျက်နှာကို အဝတ်နဲ့ ဖုံးထားတာ တွေ့ပြီး အဝတ်စ ဖယ်ကြည့်တော့မှ သေဆုံးနေတာ တွေ့ခဲ့ရတာ”ဟု အခင်းဖြစ်စဉ် နေအိမ်သို့ ဝင်ရောက်ကြည့်ခဲ့သည့် ဥဿဖုရားလမ်းတွင် နေထိုင်သော အမျိုးသမီးတစ်ဦးက ဆိုသည်။

နေအိမ်ထဲ ဝင်ရောက်ကာ မိသားစုဝင် သုံးဦးကို လည်ပင်းညှစ် ရိုက်နှက်ခဲ့သည့် အမျိုးသားမှာ မူးယစ်ဆေးဝါး သုံးစွဲပြီး ဆေးဖြတ်ထားရာက စိတ်ဖောက်ပြန်နေသူဖြစ်ကြောင်း၊ လည်ပင်းညှစ် ရိုက်နှက်ခဲ့သောကြောင့် အိမ်ရှင်အမျိုးသမီး သေဆုံးခဲ့ပြီး ကိုးနှစ်အရွယ် သမီးနှင့် ခြောက်နှစ်အရွယ် သားဖြစ်သူတို့ကို ဆေးရုံသို့ တင်ပို့ထားရကြောင်း ဗဟန်းမြို့မရဲစခန်းထံမှ သိရှိရသည်။

သေဆုံးသူ အမျိုးသမီး၏ ခင်ပွန်းဖြစ်သူမှာ ဂျပန်နိုင်ငံသို့ အလုပ်ကိစ္စဖြင့် သွားရောက်နေသူဖြစ်ပြီး မိသားစုဝင် သုံးဦးကို လည်ပင်းညှစ် ရိုက်နှက်ကာ ထွက်ပြေးတိမ်းရှောင်နေသော ကိုဇင်ဘိုကို ဖမ်းဆီးအရေးယူရန် ရဲတပ်ဖွဲ့က လိုက်လံ စုံစမ်းရှာဖွေနေကြောင်း ဗဟန်းမြို့မရဲစခန်းထံမှ သိရှိရသည်။

  • VIA


FOLLOW US