News

POST TAGGED AS

လူရိုက်မှု

ထင်းခုတ်လာသူ လေးဦးကို လက်နက်ကိုင်များက ရိုက်နှက်
တောင်ငူ၊ ဇန်နဝါရီ ၁၅

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် မုန်းဒေသ၊ မုန်းပြဒါးတောင်တွင် ဇန်နဝါရီလ ၁၄ ရက် နံနက် ၄ နာရီခန့်က ထင်းခုတ်ရန် လှည်းဖြင့် တောတက်လာသူ လေးဦးကို လက်နက်ကိုင်ဆောင်ထားသူများက ဝါးရင်းတုတ်ဖြင့် ရိုက်နှက်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

ရိုက်နှက်သည့် လက်နက်ကိုင်များသည် ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ (၃) နယ်မြေ၊ တပ်ရင်း(၈) မှ တပ်ဖွဲ့ဝင်များဟု ဆိုသောကြောင့် ကျောက်ကြီးမြို့နယ် KNU တပ်မဟာ (၃) ဆက်ဆံရေးရုံးမှ တာဝန်ရှိသူ ဗိုလ်ကြီးအဆင့်ရှိ ဦးမောင်အေးထံ ယနေ့ (ဇန်နဝါရီလ ၁၅ ရက်) နံနက်ပိုင်းကတည်းက The Voice မှ အတည်ပြုရန် ဆက်သွယ်နေဆဲ ဖြစ်သည်။

“ဒေသခံလေးဦး တောတက်သွားတာကို တောထဲ လာရောက်ခွင့် ပိတ်ထားတာ မသိရကောင်းလားဆိုပြီး ဝါးရင်းတုတ်နဲ့ တစ်ယောက်ကို ၁၅ ချက်ခန့် ရိုက်ခဲ့တာပါ။ ရိုက်နှက်ခံရသူတွေက အမှုဖွင့်လှစ်တာမျိုး မလုပ်ထားသလို ရိုက်နှက်ခံရတဲ့ ဒဏ်ရာတွေက စိုးရိမ်စရာ မရှိပါဘူး”ဟု မုန်းနယ်မြေရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

ရိုက်နှက်ခံရသူ လေးဦးမှာ မုန်းဒေသ ကျွန်းတောကျေးရွာမှ ဒေသခံများ ဖြစ်ကြသည့် အသက် ၅၈ နှစ်အရွယ် ဦးကျော်မြင့်၊ အသက် ၃၈ နှစ်အရွယ် ဦးသိန်းဇော်၊ အသက် ၄၂ နှစ်အရွယ် ဦးသိန်းဇော်နှင့် အသက် ၃၂ နှစ်အရွယ် ဒေါ်မြစန်းဆိုသူတို့ဖြစ်ပြီး ထင်းခုတ်၊ ဝါးခုတ်ရန် လှည်းဖြင့် သွားရောက်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ ပြဒါးတောင်နေရာသည် ကရင်လက်နက်ကိုင်တပ်ရင်း တစ်ခုဖြစ်သည့် တပ်မဟာ (၃) လက်အောက်ရှိ အမှတ် (၈)မှ ထိန်းချုပ်နယ်မြေ တစ်ခုဖြစ်သည်။

တောထဲသို့ ထင်းခုတ်ဝါးခုတ် သွားရောက်သူများ သာမက တောင်ယာ လုပ်ကိုင်သူများကို မကြာခဏ ရိုက်နှက်ကြိမ်းမောင်းလေ့ ရှိပြီး အဆိုပါ တပ်ရင်းမှ ထုတ်ပြန်ချက်များကို လိုက်နာပါက အသက်အန္တရာယ်ကို ရန်ရှာလေ့ မရှိကြောင်း မီးတိုင်းတောဒေသခံ အရပ်ဖက် အဖွဲ့အစည်း တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

R-15



FOLLOW US