News

POST TAGGED AS

လူရိုက်မှု

အိပ်နေသည့်မိသားစုသုံးဦး သေနတ်ဖြင့်အပစ်ခံရ
လားရှိုး၊ မေ၂၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ကုန်းသာကျေးရွာရှိ နေအိမ်တစ်ခုတွင် မေလ ၂၀ ရက်နေ့ နံနက်က အိပ်ပျော်နေသည့် မိသားစုသုံးဦး သေနတ်ဖြင့် အပစ်ခံရ၍ ဇနီးမောင်နှံနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

ယင်းနေ့နံနက် ၄ နာရီခန့်က ကုန်းသာကျေးရွာရှိ နေအိမ်တစ်ခုတွင် စိုင်းဆာဦး (ခ) စိုင်းသာမျိုး၊ ဇနီးနန်းဆွေအိမ်နှင့် သုံးနှစ်အရွယ် သားဖြစ်သူတို့ အိပ်ပျော်နေစဉ် သေနတ်ဖြင့်အပစ်ခံရခြင်းဖြစ်ပြီး ၎င်းတို့နှစ်ဦးစလုံး ဒဏ်ရာရရှိခဲ့သော်လည်း ကလေးငယ်မှာမူ ပစ်ခတ်ခြင်းမခံခဲ့ရကြောင်း လားရှိုးမြို့ရှိ ရှမ်းပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ 

သေနတ်ဖြင့် ပစ်ခံရသူနှစ်ဦးမှာ ကုန်းသာရွာဇာတိဒေသခံများဖြစ်ပြီး တောင်ယာလုပ်ကိုင် စားသောက်သူများဖြစ်ကြောင်း၊ ၎င်းတို့နှစ်ဦးကို သေနတ်ဖြင့်ပစ်ခတ်သူမှာ မည်သူမည်ဝါဖြစ်သည်ကို စုံစမ်းဖော်ထုတ်နေကြောင်း၊ သေနတ်အပစ်ခံရသူနှစ်ဦးမှာလည်း အိပ်ပျော်နေစဉ် ပစ်ခတ်ခံရခြင်းဖြစ်သည့်အတွက် မည်သူမည်ဝါကလုပ်ဆောင်သည်ကို ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း၊ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သီပေါမြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးနေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ယင်းဖြစ်စဉ်ကို သီပေါမြို့မရဲစခန်းတွင် ပထမသတင်းပေးချက်အမှတ် ၆၅/၂၀၁၈ တွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၇ အရ အမှုဖွင့်ထားပြီး ဒဏ်ရာရရှိသူနှစ်ဦးမှာ သီပေါမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း အဆိုပါစခန်းထံမှ သိရသည်။

ယခုဖြစ်စဉ်ဖြစ်ပွားသည့် ကုန်းသာကျေးရွာမှာ ပြည်ထောင်စုလမ်းပိုင်းတွင်ရှိသည့် ရွာကြီးတစ်ရွာဖြစ်ပြီး လားရှိုးမြို့နယ်၊ စဥ့်အင်ကျေးရွာနှင့် သီပေါမြို့အကြားတွင်ရှိကာ လယ်ယာစိုက်ပျိုးခြင်း အများဆုံးလုပ်ကိုင်ကြသည့် ရွာလည်းဖြစ်သည်။

ပြီးခဲ့သည့် မတ်လအတွင်းကလည်း ပြည်ထောင်စုလမ်းပိုင်း၌ သွားလာနေသည့် နွားတင်ယာဉ်များ သေနတ်ဖြင့် ပစ်ခံရမှုကြောင့် ယာဉ်မောင်းအပါအဝင် အမျိုးသားနှစ်ဦးသေဆုံးခဲ့သည်။ 

R-07




FOLLOW US