News

POST TAGGED AS

လူရိုက်မှု

ပြင်ပအစားအစာများ မှာယူမစားရန် ပြောသည့်ဆိုင်ရှင်ကို အုပ်စုဖွဲ့ ဝိုင်းထိုးကြိတ်ရိုက်နှက်
ရန်ကုန်၊ မတ် ၆

တာမွေမြို့နယ်၊ ကျောက်မြောင်းကြီးရပ်ကွက်၊ သီတာလမ်းနှင့် ကျောက်မြောင်းလမ်းထောင့် လက်ဖက်ရည်ဆိုင်တွင် ပြင်ပအစားအစာများ မှာယူမစားရန် ပြောသည့်ဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးကို အုပ်စုဖွဲ့ ဝိုင်းထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ထိုးကြိတ်ရိုက်နှက်ခံရသည့် ဆိုင်ပိုင်ရှင် အသက် ၄၉ နှစ် အမျိုးသားမှာ မတ်လ ၄ ရက် ညနေ ၆ နာရီခွဲက ၎င်း၏ လက်ဖက်ရည်ဆိုင်သို့ လူငယ်သုံးဦးက ရောက်ရှိလာပြီး လက်ဖက်ရည်မှာသောက်နေရာမှ မျက်နှာချင်းဆိုင်ရှိ လက်ဖက်သုပ်/ ချင်းသုပ်ဆိုင်မှ အသုပ်များ မှာယူစားသောက်နေသောကြောင့် ၎င်းက ပြင်ပအစားအစာများ မှာယူမစားရန် ပြောဆိုခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။

“သူ့လက်ဖက်ရည်ဆိုင်မှာလည်း လက်ဖက်သုပ်၊ ချင်းသုပ်တွေ ရောင်းတာမို့ အပြင်ဆိုင်က မှာယူမစားဖို့ ဆိုင်ရှင်က သွားပြောတယ်။ လူငယ်သုံးယောက်က စိတ်ဆိုးပြီး အော်ဟစ်ဆဲဆိုပြီး ဆိုင်ပြင်ထွက်သွားရာက သိပ်မကြာဘူး။ လူခုနစ်ယောက် လက်ဖက်ရည်ဆိုင်ထဲဝင်လာပြီး ဆိုင်ရှင်ကို သံတုတ်နဲ့ရိုက်၊ လက်သီးတွေနဲ့ ဝိုင်းထိုးကြိတ်ခဲ့တာ။ ပြစ်မှုကျူးလွန်သူတွေရဲ့ နာမည်တွေ သိထားပါပြီ။ ဖမ်းဆီးအရေးယူနိုင်ဖို့ စုံစမ်းဆောင်ရွက်နေပါတယ်”ဟု ရဲအရာရှိက ရှင်းပြသည်။

ဝိုင်းထိုးကြိတ်ရိုက်နှက်မှုကြောင့် လက်ဖက်ရည်ဆိုင်ပိုင်ရှင်၏ မျက်နှာနှင့် ဦးခေါင်းတွင် ဖူးရောင်ပေါက်ပြဲဒဏ်ရာများရခဲ့ပြီး မတ်လ ၅ ရက်နေ့က ယင်းအမှုကို တာမွေမြို့မ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၂၅/၁၁၄ ဖြင့် အမှုဖွင့်ကာ နာကျင်ဒဏ်ရာများရရှိအောင် ပြုလုပ်ခဲ့သူခုနစ်ဦးကို အရေးယူနိုင်ရန် စုံစမ်းဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

F-03



FOLLOW US