News

POST TAGGED AS

လူရိုက်မှု

လုယက်မှုဖြင့် အမျိုးသားတစ်ဦးကို ဖမ်းဆီးသည့် ရဲတပ်သားကို အုပ်စုဖွဲ့ ဝိုင်းထိုးကြိတ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ (၇၂) ရပ်ကွက်တွင် လုယက်မှုဖြင့် သတင်းပေးတိုင်ကြားခံရသည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးပြီး မီးတန်းယာဉ်ပေါ် ခေါ်ဆောင်သွားသည့် ရဲတပ်သားတစ်ဦးကို ဖမ်းဆီးခံရသူဘက်မှ အုပ်စုဖွဲ့ဆဲဆိုခြိမ်းခြောက်၍ ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ထိုးကြိတ်ရိုက်နှက်ခံရသူ ရဲတပ်သား မျိုးသီဟထွန်းမှာ ဖေဖော်ဝါရီလ ၂၆ ရက် နံနက် ၂ နာရီခွဲက တပ်ဖွဲ့ဝင်များနှင့်အတူ မီးတန်းယာဉ်ဖြင့် (၇၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ ရောက်ရှိလာချိန် ယင်းရပ်ကွက်တွင် နေထိုင်သော အသက် ၂၀ နှစ် ရာဇာဟိန်း (ခ) ဆင်ပေါက်မှာ လုယက်မှုဖြင့် သတင်းပေးတိုင်ကြားခံရကြောင်း သတင်းရရှိသဖြင့် ဖမ်းဆီးပြီး မီးတန်းယာဉ်ပေါ်သို့ တင်ဆောင်ရန် ခေါ်လာစဉ် လမ်းတွင် လူတစ်စုက ရဲတပ်သား မျိုးသီဟထွန်းကို ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။

“ဖမ်းခံရတဲ့ ဆင်ပေါက်ဘက်က မိသားစုနဲ့ သူ့သူငယ်ချင်းတွေက ရဲတပ်သားကို ဆဲဆိုခြိမ်းခြောက်ပြီး ကိုယ်ထိလက်ရောက် ထိုးကြိတ်ရိုက်နှက်မှုတွေ ပြုလုပ်ခဲ့တယ်။ အားလုံးခုနစ်ယောက်။ ခုနစ်ယောက်လုံးကို အမှုဖွင့်အရေးယူထားတယ်”ဟု ရဲအရာရှိက ပြောသည်။

အဆိုပါ ဖမ်းဆီးခံရသူ ဆင်ပေါက် (ခ) ရာဇာဟိန်းမှာ ဖေဖော်ဝါရီလ ၂၆ ရက် နံနက် ၁၀ နာရီခွဲက ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ (၇၁) ရပ်ကွက်၊ မင်းရဲကျော်စွာ ၃ လမ်းတွင် လမ်းဘေးအုတ်ခုံ၌ ထိုင်နေသည့် လူငယ်သုံးဦးကို ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာသည့် ဆင်ပေါက် (ခ) ရာဇဟိန်းနှင့် အမည်မသိ လူငယ်တစ်ဦးတို့က ဆန်ထိုးပိုက်ဖြင့် လည်ပင်းကိုထောက်၍ လက်ကိုင်ဖုန်းတစ်လုံးကို လုယူခဲ့သောကြောင့် ရာဇသတ်ကြီးပုဒ်မ ၃၉၂/၁၁၄ ဖြင့် အမှုဖွင့် အရေးယူခံထားရသူဖြစ်သည်။

လုယက်မှုဖြင့် အရေးယူထားသူကို ဖမ်းဆီးစဉ် အုပ်စုဖွဲ့ ဝိုင်းထိုးကြိတ်ရိုက်နှက်မှုကြောင့် ရဲတပ်သား မျိုးသီဟထွန်းမှာ မျက်နှာဖူးရောင်ဒဏ်ရာနှင့် ရင်ဘတ်တွင် နာကျင်ဒဏ်ရာများရခဲ့ပြီး ဆင်ပေါက် (ခ) ရာဇာဟိန်း၏ မိဘနှစ်ပါးနှင့် ၎င်း၏ ဇနီး၊ ညီမအပါအဝင် စုစုပေါင်းခုနစ်ဦးကို ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၃၃/၁၁၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03



FOLLOW US