News

POST TAGGED AS

လူမှုကွန်ရက်

15-Aug-2018

မန္တလေး ခန်းမ
ရမည်းသင်းတွင် သတင်းစာရှင်းလင်းပွဲ လက်ခံခဲ့သော အမေထွေးခန်းမကို အာဏာပိုင်များ တားမြစ်
မိတ္ထီလာ၊ ဩဂုတ် ၁၄

မန္တလေးတိုင်း ရမည်းသင်းမြို့နယ်တွင် ဖွင့်လှစ်သော ပညာဒါနသင်တန်းပြီးစီးရန် တစ်ပတ်အလိုတွင် ပိတ်သိမ်းခဲ့မှုနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲလုပ်ရန် လက်ခံခဲ့သော ရွှေစည်းခုံရပ်ရှိ အမေထွေးခန်းမကို မြို့နယ်အာဏာပိုင်များ တားမြစ်ခဲ့ကြောင်း ခန်းမပိုင်ရှင် ဒေါ်မေဇင်သန့်က ပြောသည်။ 

“မနေ့ကမှ စာနဲ့ ကျွန်မကို ပိတ်တာ၊ ဘာမှ လုပ်မစားနဲ့ဆိုတဲ့ သဘောပေါ့၊ သတင်းစာရှင်းလင်းပွဲကို ပိတ်ရုံတင်မကဘူး ရပ်တည်ပိုင်ခွင့် မှန်သမျှကိုပါ အကုန်ပိတ်လိုက်တာ”ဟု ဒေါ်မေဇင်သန့်က ဆိုသည်။

ရမည်းသင်းမြို့နယ်တွင် ဘာသာရေး၊ သာသနာရေးဆိုင်ရာပွဲတော်၊ အစည်းအဝေး၊ တရားပွဲ၊ စာပေဟောပြောပွဲ၊ အရောင်းမြှင့်တင်ရေးပွဲ၊ ဂီတဖျော်ဖြေရေးပွဲနှင့် အခြားပွဲများ၊ ပြည်သူ့စကားဝိုင်း၊ လမ်းတံတားဖွင့်ပွဲများကို ခွင့်ပြုချက်မရှိဘဲ မလုပ်ဆောင်ရန်နှင့် မလိုက်နာပါက ဥပဒေနှင့်အညီအရေးယူမည်ဖြစ်ပြီး ဟိုတယ်နှင့်ခန်းမများ ငှားရမ်းအသုံးပြုပါက ခွင့်ပြုချက်မရှိဘဲ မငှားရမ်းရန် ခန်းမပိုင်ရှင်များထံ ဩဂုတ်လ ၁၀ ရက်နေ့ ရက်စွဲဖြင့် ရမည်းသင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အကြောင်းကြားစာ ထုတ်ပြန်ထားသည်။ 

ရမည်းသင်းမြို့နယ်ရှိ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Center တွင် W.COM ကုမ္ပဏီက ဇွန်လမှစ၍ ဖွင့်လှစ်သော ပညာဒါန ကွန်ပျူတာသင်တန်းတွင် သင်တန်းသား ၄၈၀ ကျော် တက်ရောက်ခဲ့ကြောင်း၊ ယင်းသင်တန်းမှာ သင်တန်းပြီးရန် တစ်ပတ်အလို ဩဂုတ်လ ၁ ရက်တွင် ဖွင့်ခွင့်မပေးသဖြင့် သင်တန်းသားများက အမေထွေးခန်းမတွင် သတင်းစာ ရှင်းလင်းပွဲလုပ်ရန် စီစဉ်နေစဉ် အာဏာပိုင်အဖွဲ့အစည်းများက တားမြစ်ခဲ့ကြောင်း ခန်းမပိုင်ရှင် ဒေါ်မေဇင်သန့်က ပြောသည်။

အဆိုပါ ပညာဒါနသင်တန်းမှာ သင်တန်းကြေး ကျပ် ၇၀၀၀ သာ ကောက်ခံပြီး အခြေခံကွန်ပျူတာ၊ စာရင်းကိုင်၊ လက်လီစီးပွားရေး ကျွမ်းကျင်မှုသင်တန်း၊ အင်္ဂလိပ်စကားပြော သင်တန်းတို့ကို ၂ လ ကြာဖွင့်လှစ်မည့် သင်တန်းဖြစ်ကြောင်း၊ သင်တန်းကို ကျေးလက်နေလူငယ်များ လာရောက်သင်ကြားသဖြင့် ဒေသတွင်း လူငယ်များ ပညာရေးဖွံ့ဖြိုးစေရန် ကူညီပေးခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ 

ပညာဒါနသင်တန်းများကို ၂၀၀၁ ခုနှစ်မှစ၍ ပြည်နယ်နှင့် တိုင်းများရှိ မြို့ပေါင်း ၁၉၀ တွင် ဖွင့်လှစ်ခဲ့ကြောင်း၊ ဒေသဆိုင်ရာ အာဏာပိုင်များ၏ ခွင့်ပြုချက်ရသဖြင့် ရမည်းသင်းမြို့နယ်တွင် သင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း W.COM Co.,Ltd. Mobile Education မှ ကျောင်းအုပ်ကြီး ဦးသန်းထိုက်ကျော်က ပြောသည်။

“သင်စရာတွေက ကျန်သေးတယ် သင်တန်းမပြီးဘဲနဲ့ မသိမတတ်ဘဲ သင်တန်းဆင်းလက်မှတ်ပေးရင် ကုမ္ပဏီဘက်က နစ်နာသလို သင်တန်းကိုပြီးအောင် တက်ချင်တဲ့သူတွေလည်း နစ်နာပါတယ်”ဟု ၎င်းက ဆိုသည်။ 

အဆိုပါသင်တန်းဖွင့်လှစ်ရန် ဌာနကို တရားဝင်စာဖြင့် အကြောင်းကြားခြင်းမရှိကြောင်း၊ ဒေသအာဏာပိုင်များ၏ အကူအညီတောင်းခံမှုဖြင့်သာ နားလည်မှုအရ ခွင့်ပြုခဲ့ကြောင်း၊ ဩဂုတ်လ ၁ ရက်တွင် ဌာနလုပ်ငန်းများ ဆောင်ရွက်ရန်ရှိသဖြင့် ဆက်လက်ဖွင့်လှစ်ခွင့် မပြုခြင်းဖြစ်ကြောင်း ဇူလိုင်လ ၂၉ရက်က ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အကြောင်းကြားစာ ထုတ်ပြန်သည်။

သင်တန်းတက်ရောက်သူများတွင် လုပ်ငန်းခွင်ဝင်မည့်သူများ ပါဝင်သဖြင့် သင်တန်းပြီးဆုံးအောင်တက်ကာ သင်တန်းဆင်း လက်မှတ်လိုချင်ကြောင်း ရွှေစည်းခုံရပ်ကွက်မှ သင်တန်းသူတစ်ဦးက ဆိုသည်။ 

R-01



FOLLOW US