News

POST TAGGED AS

လူမှုကွန်ရက်

ရခိုင်ပြည်နယ်အစိုးရ ဘဏ္ဍာငွေလျာထားချက် မလိုအပ်ဘဲ တောင်းခံမှုများရှိ၍ လွှတ်တော်ကိုယ်စားလှယ်များ ဝေဖန်
စစ်တွေ၊ ဇွန် ၅ 

ရခိုင်ပြည်နယ်အစိုးရ၏ ၂၀၁၈ -၁၉ ခုနှစ်အတွက် ဘဏ္ဍာငွေလျာထားချက်တွင် တည်ဆောက်ရေးလုပ်ငန်း အသုံးစရိတ်များပြားစွာ သုံးစွဲရန်လျာထားပြီး မလိုအပ်ဘဲ ဘဏ္ဍာငွေ တောင်းခံမှုများရှိကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက ဝေဖန်လိုက်သည်။

ပြည်နယ်၏ အဓိကဖြစ်သော လယ်ယာကဏ္ဍအတွက် အသုံးစရိတ်လျာထားချက်မှာ နည်းပါးသော်လည်း တည်ဆောက်ရေးလုပ်ငန်း အသုံးစရိတ်များပြားခြင်း၊ ဘဏ္ဍာငွေမလိုအပ်ဘဲ တောင်းခံမှုများရှိသဖြင့် ဇွန်လ ၄ ရက်က ကျင်းပသော ပြည်နယ်လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ၈ ဦးက ဝေဖန်သည်။ 

ရခိုင်ပြည်သူကို တိုက်ရိုက်အကျိုးပြုနိုင်သည့် စိုက်ပျိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေးကို ဦးစားပေးရမည်ဖြစ်ပြီး ဆောက်လုပ်ရေးစီမံကိန်းများ များပြားနေခြင်းကို လျှော့ချရမည်ဖြစ်ကြောင်းနှင့် ဘဏ္ဍာငွေလျာထားချက်တွင် ယခင်ဆောင်ရွက်ထားပြီး လုပ်ငန်းများနှင့်မလိုအပ်သည့် လုပ်ငန်းအတွက် ဘဏ္ဍာငွေများ တောင်းခံထားသည်ကို စိစစ်တွေ့ရှိရကြောင်း ဘူးသီးတောင်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်က ဆိုသည်။

“ညအိပ်ရာဝင်ရင် ဘတ်ဂျက် သရဏံ ဂစ္ဆာမိလို့ ဘုရားဝတ်ပြုရတော့မယ်။ ကွင်းဆင်း စိစစ်ကြည့်မှုအရတော့ မလိုအပ်ဘဲ တင်ပြတောင်းခံတာတွေ များနေတယ်၊ ပြည်သူ့အကျိုးအတွက် ခေတ်သစ် အင်္ဂုလိမာလလုပ်ရင်လည်း လုပ်မယ်၊ မလိုအပ်တာတွေ ဖြတ်ရမယ်”ဟု သံတွဲမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွေအေးက ပြောသည်။

ထို့အပြင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ပိုများနေသော အသုံးစရိတ်အစား တောင်သူလယ်သမားများနှင့် ကျေးလက်ဒေသ၏ လမ်းတံတားများအတွက် ထည့်သွင်းစဉ်းစားသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြသည်။

မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းများကိုသာ ဆောင်ရွက်ရန်အတွက် ဘဏ္ဍာငွေ တောင်းခံခြင်းဖြစ်ကြောင်း ပြည်နယ် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက မေလ ၂၉ ရက်တွင် လွှတ်တော်၌ ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ၂၀၁၈-၁၉ ခုနှစ်ဘဏ္ဍာငွေလျာထားချက် ခန့်မှန်းခြေငွေစာရင်းကို မေလ ၂၈ ရက်က ပြည်နယ်လွှတ်တော်သို့ ပေးပို့လာပြီး လေ့လာဆန်းစစ်ချိန်ကာလ လုံလောက်မှု မရှိကြောင်း၊ နောင်တွင် အချိန်ကာလ တစ်ခုသတ်မှတ်ပြီး ပေးပို့သင့်ကြောင်း၊ စီမံကိန်းလုပ်ငန်းများအတွက် စီမံကိန်းတစ်ရပ်လုံး၏ အချိန်ကာလနှင့် တန်ဖိုးကို ဖော်ပြကာနှစ်အလိုက် လျာထားငွေများကို တောင်းခံသင့်ကြောင်း ရခိုင်ပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီက အကြုံပြသည်။

၂၀၁၈-၁၉ ခု ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံးခန်မှန်းခြေ လျာထားချက်နှင့်ပတ်သက်ပြီး ဇွန်လ ၄ ရက်က ပြည်နယ်လွှတ်တော်အစည်းအဝေး၌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၈ ဦးက ဆွေးနွေးခဲ့ရာ ဆွေးနွေးချက်များကို လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။

R-22



FOLLOW US