News

POST TAGGED AS

လူနာတင်ယာဉ်

တားမြစ်ထားသော ရွှေဂူကြီးဘုရားပေါ်သို့ တရုတ်နိုင်ငံသူတစ်ဦးတက်
မန္တလေး၊ မတ် ၎

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိပြီး တက်ရောက်ခွင့် ပိတ်ပင်ထားသော ရွှေဂူကြီးဘုရားပေါ်သို့ တရုတ်နိုင်ငံသူ အမျိုးသမီးတစ်ဦး မတ်လ ၃ ရက်နေ့က တက်ရောက်ခဲ့သဖြင့် သတိပေး တားမြစ်ခဲ့ရကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ဦးစီးအရာရှိ ဦးမင်းဇော်ထွေးက ပြောကြားသည်။

“တက်ခွင့်မရှိတဲ့ဘုရားဆိုပြီး နောက်မလုပ်ဖို့ သတိပေးလိုက်ပါတယ်။ အရေးယူတာမျိုးတော့ မရှိပါဘူး”ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ ရွှေဂူကြီးဘုရားသည် ၂၀၁၆ ခုနှစ်အတွင်းက လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများသော ဘုရားတစ်ဆူဖြစ်ရာ ဘုရားပေါ်သို့ မတက်နိုင်ရန် သံပန်းများဖြင့် ကာရံထားသည့် ဘုရားတစ်ဆူဖြစ်သည်။

“တံခါးပိတ်ထားတာကို လူတစ်ကိုယ်စာလောက် ဝင်လို့ရတဲ့အပေါက်ကလေးကနေပြီး ဝင်တယ်။ ပြီတော့ ဆယ်ဖီဆွဲတယ်။ ဘုရားပေါ် တက်ချင်တဲ့သူ တော်တော်များများကလည်း တက်လို့ရတယ်ဆိုပြီး ဝိုင်းအုံလာတယ်။ နိုင်ငံခြားသားတွေလည်းပါတယ်။ ညနေ ၅ နာရီလောက်ကဖြစ်တာ။ တာဝန်ရှိတဲ့သူတွေအနေနဲ့ တက်လို့ရတဲ့ ဘုရားတွေကိုတော့ ခွင့်ပြုစေချင်တယ်”ဟု ပုဂံဈေးသည်များ ဆပ်ကော်မတီ အတွင်းရေးမှူး ဦးတင်လင်းအောင်က ပြောကြားသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ဘုရားများပေါ်သို့ တက်နိုင်သည့် ဘုရားအဆူ ၈၀ ခန့် ရှိသော်လည်း ငလျင်ဒဏ်ခံထားရသည့်အတွက် ဘုရားများပေါ်သို့ မတက်ရန် မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် သတိပေး ဗီနိုင်များ တပ်ဆင်ထားပြီး အသိပညာပေး ဟောပြောမှုများ ပြုလုပ်ခဲ့ကြောင်း၊ လိုက်နာခြင်း မရှိသည့်အတွက် ဘုရားများပေါ်သို့ မတက်နိုင်ရန် အကာအရံများ တပ်ဆင်ရခြင်းဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။

ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) အနေနှင့် ပုဂံဒေသသို့ လာရောက် လည်ပတ်သူများ ပုဂံရှုခင်းများ ကြည့်ရှုနိုင်ရန် အရှေ့အိုးထိန်းကုန်း၊ အနောက်အိုးထိန်းကုန်း၊ ကိုမောက်ကန်ရှုခင်းကြည့် တောင်ကုန်း၊ ညောင်လက်ဖက်ကန်ရှုခင်းကြည့် တောင်ကုန်းနှင့် စူဠာမဏိကန်ရှုခင်းကြည့် တောင်ကုန်းများ ဖော်ဆောင်ပေးထားသည်။

M-05



FOLLOW US