News

POST TAGGED AS

လူငယ်

ပြည်နယ်နှင့်တိုင်းများတွင် NLD လူငယ်ညီလာခံကို တစ်ပြိုင်နက်ကျင်းပမည်


ရန်ကုန်၊ မတ် ၃

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ လူငယ်ညီလာခံကို မတ်လ ၁၇ ရက်၌ ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးတွင် တစ်ပြိုင်တည်း ကျင်းပသွားမည်ဖြစ်ကြောင်း ဒုတိယအကြိမ် လူငယ်ညီလာခံကျင်းပရေး ဗဟိုကော်မရှင်ဥက္ကဋ္ဌ ဦးမောင်မောင်ဦးက ပြောကြားသည်။

တစ်နိုင်ငံလုံးကျင်းပမည့် ဒုတိယအကြိမ် ဗဟိုလူငယ်ညီလာခံကို ဧပြီလဆန်း သင်္ကြန်မတိုင်ခင်အပြီး ကျင်းပရန် ရည်မှန်းထားကြောင်းနှင့် လူငယ်မျိုးဆက်သစ်များ ဆက်လက်ပေါ်ထွက်စေရန် ယခုကဲ့သို့ ကျင်းပခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

“ပါတီရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းပါအချက်တွေကို အကောင်အထည်ဖော်တဲ့နေရာမှာ လူငယ်အင်အားတွေ ပါဝင်လာအောင်လို့နဲ့ လူငယ်စည်းရုံးရေး အင်အားကောင်းဖို့ကလည်း အရေးကြီးတယ်” ဟု ၎င်းက ဆိုသည်။

ပထမအကြိမ်လူငယ်ညီလာခံကို ၂၀၁၄ ခုနစ် ဇူလိုင်လတွင် ကျင်းပခဲ့ပြီး ယခုဒုတိယအကြိမ်ကျင်းပမည့် လူငယ်ညီလာခံ၏ အခြေခံမူဘောင်များကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဩဂုတ်လ ၇ ရက်တွင် ထုတ်ပြန်ခဲ့ကာ မြို့နယ်အဆင့် ညီလာခံများ ကျင်းပခဲ့ပြီး လက်ရှိအချိန်တွင် ခရိုင်အဆင့်ညီလာခံများကို ကျင်းပလျက်ရှိသည်။

မတ်လ ၂ ရက်မှ ၃ ရက်အထိကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လူငယ်ညီလာခံကိုယ်စားလှယ်တွေ့ဆုံပွဲ ဖွင့်ပွဲအခမ်းအနားကို ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့ကာ လူငယ်များသည် နိုင်ငံရေးကို နားလည်ရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။



FOLLOW US