News

POST TAGGED AS

လူငယ်

အပစ်ရပ် လက်မှတ်ရေးထိုးရေး ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် အစိုးရ သီးသန့် ဆွေးနွေး
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ (KNPP) နှင့် အစိုးရအဖွဲ့တို့ကြား အပစ်ရပ် လက်မှတ်ရေးထိုးရေး မတ်လဆန်းတွင် သီးသန့် ဆွေးနွေးရန် စီစဉ်ထားကြောင်း အဆိုပါ ပါတီ အတွင်းရေးမှူး (၂) ဦးရွှေမျိုးသန့်က ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲကို မတ်လ ၅ ရက်နှင့် ၇ ရက်ကြားတွင် ရန်ကုန်မြို့၌ ပြုလုပ်ရန်စီစဉ်ထားပြီး အပစ်အခတ် ရပ်စဲရေးဆိုင်ရာကိစ္စများကို ဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ပြီးခဲ့တဲ့ အရင်အစိုးရလက်ထက်က သဘောတူခဲ့တဲ့ အချက်တွေကို အကောင်အထည်ဖော်တဲ့အပိုင်းကို အဓိက ဆွေးနွေးဖို့ရှိမယ်။ အဓိကကတော့ အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်တွေကို ဆွေးနွေးဖို့ရှိပါတယ်”ဟု ၎င်းကဆိုသည်။

တွေ့ဆုံဆွေးနွေးမှု မတိုင်မီ ဖေဖော်ဝါရီလ ၂၈ ရက်တွင် ထိုင်းနိုင်ငံရှိ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ဌာနချုပ်တွင် ကြိုတင်ဆွေးနွေးမည်ဖြစ်သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)တွင် လက်မှတ်ရေးထိုးရာတွင် ပါဝင်နိုင်ရန် ကြိုတင်သဘောတူညီချက် ပဋိညာဉ်များကို အလွတ်သဘော ဆွေးနွေးရန် စီစဉ်ထားကြောင်း ဦးရွှေမျိုးသန့်က ဆက်လက် ရှင်းပြသည်။

“ပြီးခဲ့တဲ့ NCA စာချုပ်ရဲ့ သဘောတူညီချက်တွေကို ဆွေးနွေးမယ်လို့ထင်တယ်။၂၈ရက်နေ့ ထိုင်းဖက်က ရုံးမှာ ဆွေးနွေးပြီးမှပဲ သိရလိမ့်မယ်။ ၇ ရက် ရန်ကုန်လာဖို့တော့ ကျွန်တော့ကို သတင်းပို့ထာတယ်”ဟု KNPP ဆက်ဆံရေးရုံး တာဝန်ခံ ခူညေးရယ်က ဆိုသည်။

NLD အစိုးရလက်ထက်တွင် ပထမဦးဆုံးအဖြစ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့ NCA စာချုပ်ကို ဖေဖော်ဝါရီလ ၁၃ ရက်က လက်မှတ်ထိုးထားခဲ့သည်။

ဦးသိန်းစိန်အစိုးရလက်ထက်က ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ NCA စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီဖြစ်၍ ယခုအစိုးရလက်ထက် လက်မှတ်ထိုးသည့် အဖွဲ့နှစ်ဖွဲ့ပေါင်းပါက စုစုပေါင်း ဆယ်ဖွဲ့ထိ ရှိလာပြီဖြစ်သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးနိုင်ရေး တွေ့ဆုံညှိနှိုင်းရန် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) ထံ ကမ်းလှမ်းထားသည်ဟု သမ္မတရုံးပြော ရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြား ထားသည်။ 

ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)သည် NCA စာချုပ်ကို လက်မှတ်ရေးထိုးထားခြင်း မရှိသောအဖွဲ့ဖြစ်ပြီး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့၏ဦးဆောင်အဖွဲ့ တစ်ဖွဲ့လည်း ဖြစ်သည်။

J-14



FOLLOW US