News

POST TAGGED AS

လူကူးခုံးကျော်တံတား

အိန္ဒိယတွင် လူကူးခုံးကျော်တံတား ပြိုကျမှုကြောင့် ၁၈ ဦးသေဆုံး


နယူးဒေလီ၊ မေ ၁၆

အိန္ဒိယနိုင်ငံ အူတာပရာဒေ့ရှ် ပြည်နယ်မြို့တော် ဗာရာဏသီတွင် လူကူးခုံးကျော်တံတားတစ်ခု ပြိုကျမှုကြောင့် မော်တော်ယာဉ်များနှင့် ခရီးသည်များအပေါ် ကွန်ကရစ် အကျိုးအပဲ့များပိကာ အနည်းဆုံး ၁၈ ဦးသေဆုံးသွားသည်ဟု ကယ်ဆယ်ရေးတာဝန်ရှိသူက ပြောကြားကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

အခင်းဖြစ်နေရာသို့ ကယ်ဆယ်ရေးလုပ်သားများ အမြန်ဆုံးသွားရောက် ရှင်းလင်းနေကြပြီး အပျက်အစီးများအောက်တွင် လူပေါင်းမည်မျှ ရှိနေသည်ကို မသိရသေးပေ။

“အခုအချိန်အထိ အလောင်း ၁၈ လောင်း တွေ့ရှိထားတယ်။ အခင်းဖြစ်နေရာကို အမျိုးသား သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးဌာနက အဖွဲ့ ၇ ဖွဲ့ ရောက်ရှိနေပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်”ဟု ထိန်းချုပ်ရေးစင်တာမှ တာဝန်ရှိသူက အေအက်ဖ်ပီသို့ ပြောကြားသည်။ 

ရုပ်သံပုံရိပ်များတွင် ကြီးမားသော ကွန်ကရစ် ရက်မတိုင် အကျိုးအပဲ့များအောက်တွင် ပိနေသော မော်တော်ယာဉ်များနှင့် ဝိုင်းကြည့်နေသော လူအုပ်ကြီးကို မြင်တွေ့ရသည်။

ဆောက်လုပ်ဆဲ လူကူးခုံးကျော်တံတား၏ အပိုင်းတစ်ခုလမ်းပေါ်သို့ ပြိုကျကာ အောက်မှဘတ်စကားများနှင့် မော်တော်ယာဉ်များကို ကြေမွသွားစေခဲ့သည်ဟု ကိုယ်တိုင်မြင်တွေ့သူများက ပြောကြားသည်။

“ပြိုကျတဲ့အချိန်မှာ ကျွန်တော်က အနီးအနားမှာ ရှိနေပါတယ်။ မီနီဘတ်စ်တစ်စီး၊ ကားလေးစီးနဲ့ သုံးဘီးဆိုင်ကယ် တစ်စီးတို့ အပေါ်ကို ပိသွားပါတယ်”ဟု မြင်တွေ့ခဲ့သူက သတင်းထောက်များအား ပြောကြားသည်။

အိန္ဒိယတွင် ဘေးကင်းလုံခြုံရေး စည်းကမ်းများ ကြပ်မတ်မှုအားနည်းပြီး ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် စံချိန်မမီသောပစ္စည်းများကို အသုံးပြုမှုများရှိနေသည်ဟု သိရှိရသည်။

၂၀၁၆ ခုနှစ်ကလည်း ကာလကတ္တား အရှေ့ပိုင်းတွင် လူကူးခုံးတံတားတစ်ခု၏ မီတာ ၁၀၀ ရှည်သောအပိုင်း လမ်းပေါ်သို့ ပြိုကျကာ လူ ၂၆ ဦး သေဆုံးခဲ့ရသည်။

F-04



FOLLOW US