News

POST TAGGED AS

လူကူးခုံးကျော်တံတား

အိန္ဒိယတွင် ဆယ်ကျော်သက် မိန်းကလေးတစ်ဦး မုဒိမ်းကျင့် မီးရှို့သတ်ဖြတ်ခံရမှု တစ်ပတ်အတွင်း တတိယအကြိမ်ဖြစ်ပွား


နယူးဒေလီ၊ မေ ၁၂

အိန္ဒိယနိုင်ငံတွင် တစ်ပတ်အတွင်း တတိယမြောက် ဆယ်ကျော်သက်မိန်းကလေးတစ်ဦး မုဒိမ်းကျင့်ခံရကာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရမှုဖြစ်ပွားခဲ့ရာ ယခုနောက်ဆုံး မုဒိမ်းကျင့်လူသတ်မှုသည် တစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေခဲ့သည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။

အသက် ၁၆ နှစ်အရွယ် မိန်းကလေးသည် သူမ မုဒိမ်းကျင့်ခံရသည့်ကိစ္စကို မိသားစုထံ ပြန်ပြောမည်ဟု ပြောဆိုခဲ့ပြီး နောက်တွင် ကျူးလွန်သူ အသက်၂၆ နှစ်အရွယ် တရားခံက မီးရှို့သတ်ဖြတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသည်။

ဂျာဟန်းပြည်နယ်တွင် ယခုသီတင်းပတ်အစောပိုင်းက အခြားဆယ်ကျော်သက်အရွယ် မိန်းကလေးနှစ်ဦးမှာလည်း အလားတူ မုဒိမ်းကျင့်သတ်ဖြတ်ခြင်းခံခဲ့ရပြီး တစ်ဦးမှာသေဆုံးခဲ့ပြီး အခြားတစ်ဦးမှာ ဆေးရုံတွင် အသက်ရှင်နိုင်ရေးအတွက် ရုန်းကန်နေရသည်။

ပထမအမှုတွင် အသက် ၁၇ နှစ် အရွယ်မိန်းကလေးမှာ တရားခံက လက်ထပ်ခွင့်တောင်းခြင်းကို ငြင်းပယ်သည့်အတွက်ကြောင့် မုဒိမ်းကျင့် မီးရှို့သတ်ဖြတ်ခံရခြင်းဖြစ်ပြီး ဆေးရုံတွင် ကုသမှုခံယူနေကာ အသက်အန္တရာယ် စိုးရိမ်ရသည်ဟု သိရှိရသည်။

ဒုတိယမြောက်အမှုတွင်မူ မုဒိမ်းကျင့်ခံရသော ၁၆ နှစ်အရွယ် မိန်းကလေး၏ မိဘများက ရွာလူကြီးများထံ တိုင်ကြားခဲ့ရာ ရွာလူကြီးများက တရားခံကို အိပ်ထ မတင် လေ့ကျင့်ခန်းပြုလုပ်စေပြီး ဒဏ်ငွေဆောင်ရန် အမိန့်ချခဲ့ရာမှ တရားခံက မိန်းကလေးကို သတ်ဖြတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယခုတစ်ကြိမ် နောက်ဆုံးဘေးသင့်သူ မိန်းကလေးသည် မက်ယာပရာဒေ့ရှ်ပြည်နယ် ဆာဂါခရိုင်ရှိ နေအိမ်တွင် တစ်ဦးတည်းရှိနေစဉ် အဖြစ်ဆိုးကို ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

“တရားခံနှစ်ဦးကို ကျွန်တော်တို့ ဖမ်းဆီးထားပါတယ်။ တစ်ယောက်က မုဒိမ်းမှုကျူးလွန်သူ တရားခံဖြစ်ပြီးနောက် တစ်ယောက်က အိမ်မှာ မိန်းကလေးတစ်ဦးတည်းရှိနေတဲ့ အကြောင်းကို တရားခံဆီသတင်းပေးခဲ့တဲ့ မောင်နှမဝမ်းကွဲတော်စပ်သူ ဖြစ်ပါတယ်”ဟု ဆာဂါးခရိုင်ရဲမှူး ဆာယင်ဒရာကူမား ဆူခလာက ပြောကြားသည်။

“အဓိကတရားခံက ကလေးတစ်ယောက်ဖခင် အိမ်ထောင်သည်ဖြစ်ပါတယ်”ဟု ရဲမှူးက AFP သတင်းဌာနသို့ ပြောကြားသည်။

အိန္ဒိယအာဏာပိုင်များသည် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှုများကို ထိရောက်စွာ အရေးယူဆောင်ရွက်ရန် အသစ်ထပ်မံဖိအားပေးမှုနှင့် ရင်ဆိုင်နေရပြီး အထူးသဖြင့် ဂျမူးကက်ရှမီးယားပြည်နယ်တွင် အသက်ရှစ်နှစ်အရွယ် မွတ်ဆလင် မိန်းကလေးငယ်တစ်ဦးကို ရက်စက်စွာ အုပ်စုဖွဲ့ မုဒိမ်းကျင့် သတ်ဖြတ်မှုဖြစ်ပွားပြီးနောက် ဆန္ဒပြပွဲများထွက်ပေါ်လာကာ ဖိအားများ ပိုမိုကျရောက်လာခြင်းဖြစ်သည်။

ယခုအမှုများသည် ၂၀၁၂ ခုနှစ်က တစ်နိုင်ငံလုံး ဆန္ဒပြပွဲများဖြစ်ပေါ်စေခဲ့သော နယူးဒေလီတွင် ဘတ်စ်ကားတစ်စီးပေါ်၌ ကျောင်းသူတစ်ဦးကို အုပ်စုဖွဲ့မုဒိမ်းကျင့်ပြီး သတ်ဖြတ်မှု ဖြစ်ပွားပြီးနောက်ပိုင်း လူပြောအများဆုံး ဖြစ်ရပ်များဖြစ်သည်။ 

F-04




FOLLOW US