News

POST TAGGED AS

လူကုန်ကူး

23-Jun-2018

လူကုန်ကူး
တူမဖြစ်သူကို တရုတ်မယားအဖြစ် ရောင်းစားသည့် ဦးလေး အပါအဝင် လေးဦးကို အမှုဖွင့်
ရန်ကုန်၊ ဇွန် ၂၃

သန်လျင်မြို့နယ်၊ ညောင်သုံးပင်ကျေးရွာတွင်နေထိုင်သည့် အသက် ၂၀ နှစ်အရွယ် တူမဖြစ်သူကို တရုတ်မယားအဖြစ် ရောင်းစားသည့် ဦးလေးအပါအဝင် လေးဦးကို ဇွန်လ ၂၂ ရက်နေ့က သန်လျင်မြို့မ ရဲစခန်းတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

တရုတ်မယားအဖြစ် ရောင်းစားခံရသည့် အမျိုးသမီးမှာ ယခုနှစ် ဇန်နဝါရီလကုန်ပိုင်းက ၎င်း၏နေအိမ်တွင်ရှိနေစဉ် ဖခင်ဘက်မှ ဦးလေးတော်စပ်သူက ရောက်ရှိလာပြီး မူဆယ်နယ်စပ်တွင် အိမ်အကူ လုပ်ကိုင်ပါက စရိတ်ငြိမ်း တစ်လလျှင် ငွေကျပ် ငါးသိန်းရရှိမည်ဖြစ်ကြောင်း မက်လုံးပေး ပြောဆိုသောကြောင့် ယင်းအမျိုးသမီးက မူဆယ်သို့ လိုက်ပါသွားခဲ့ကြောင်း အမှုဖွင့်တိုင်ချက်အရ သိရသည်။

“လူကုန်ကူးခံရတဲ့ မိန်းကလေးက မူဆယ် လိုက်သွားတယ်။ အဲဒီကနေ ရွှေလီကိုရောက်တော့ ပွဲစားလင်မယား နှစ်ယောက်နဲ့တွေ့ပြီး မိန်းကလေးကို တရုတ်နိုင်ငံသားနဲ့ ယူရမယ်။ မယူရင် ရန်ကုန်ကနေ ခေါ်လာတဲ့ ကုန်ကျစရိတ်တွေ ချက်ချင်း ပြန်လျော်ပေးရမယ်ဆိုပြီး အကျပ်ကိုင်ခံရတာကြောင့် မိန်းကလေးက လက်သင့်ခံလိုက်တယ်။ တရုတ်နိုင်ငံသားနဲ့ တစ်လလောက် ပေါင်းပြီးချိန်မှာ သူက ထွက်ပြေးလာရင်း တရုတ် ရဲတပ်ဖွဲ့ရဲ့ အကူအညီပေးမှုကြောင့် မြန်မာနိုင်ငံကို ပြန်ရောက်လာခဲ့တာလို့ သိရတယ်”ဟု ရဲအရာရှိက ရှင်းပြသည်။

တရုတ်နိုင်ငံသား အမျိုးသားနှင့်ပေါင်းသင်းရန် သဘောတူညီမှုကြောင့် ပွဲစားများထံမှရရှိခဲ့သည့် ကျပ်သိန်း ၃၀ ကို လူကုန်ကူးခံရသည့် အမျိုးသမီးက ၎င်း၏မိခင်ဖြစ်သူကို ပေးခဲ့ပြီးနောက် တစ်လခန့်အကြာတွင် ၎င်းမှာ နေမကောင်းသဖြင့် ခင်ပွန်းဖြစ်သူ တရုတ်နိုင်ငံသားက ဆေးခန်းသို့ပြသရာ အပျိုမဟုတ်ဘဲ ကလေးမွေးထားဖူးကြောင်းကို စစ်ဆေးပေါ်ပေါက်ခဲ့သောကြောင့် အမျိုးသမီးကို ရောင်းချခဲ့သည့် ပွဲစားများထံ ပြန်လည်အပ်နှံခဲ့ကြောင်း၊ ယင်းနောက် အမျိုးသမီးမှ တရုတ်ပွဲစားအိမ်မှ ထွက်ပြေးခဲ့ရာ ခွေးမှင်မြို့နယ်ရှိ တရုတ်ရဲတပ်ဖွဲ့နှင့် တွေ့ဆုံခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးသဖြင့် သန်လျင်မြို့နယ်ရှိ ၎င်း၏ကျေးရွာသို့ ဇွန်လ ၂၂ ရက်နေ့က ပြန်လည် ရောက်ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ လူကုန်ကူးမှုမှ အမျိုးသမီး၏ ဦးလေးဖြစ်သူ အသက် ၂၀ နှစ် စောမြင့်သိန်း (ခ) ဘန်တောနှင့် အသက် ၄၀ နှစ် မသီတာ၊ တရုတ်နိုင်ငံ ကျယ်ခေါင်မြို့မှ ကျော်ကျော်နှင့် ၎င်း၏ဇနီး မရှမ်းမတို့ကို သန်လျင်မြို့မ ရဲစခန်းက လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၈(က) ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးအရေးယူနိုင်ရန် စုံစမ်းဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03



FOLLOW US