News

POST TAGGED AS

လူကုန်ကူး

06-May-2018

လူကုန်ကူး
လူကုန်ကူးခံရသူများကို စေတနာ့ဝန်ထမ်း ထောက်လှမ်းကူညီကြသူများ

အမေရိကန်ပြည်ထောင်စုလို ဖွံ့ဖြိုးပြီးနိုင်ငံမှာပင် လူငယ်လေးများကို လူကုန်ကူးရန် ကြိုးစားမှုများက အချိန်တိုင်း ရှိနေပါသည်။ ၂၀၁၆ ခုနှစ်တွင် လူကုန်ကူးတိုက်ဖျက်ရေးဌာနသို့ တိုင်ကြားသော ဖုန်းခေါ်ဆိုမှု ၇၆၂၁ မှုရှိပါသည်။ မော်ရင်းနှင့် ဒေးဗစ်တို့စုံတွဲ၏ သမီးလေးလည်း ထိုဒဏ်ကို ခံခဲ့ရပါသည်။ သမီးပျောက်သွားပြီးနောက် ရဲတိုင်ခဲ့သော်လည်း ရဲက အိမ်ကထွက်ပြေးသော ကလေးတစ်ယောက်အမှုအဖြစ် သိပ်ပြီး အလေးမထားခဲ့ပေ။ မော်ရင်းတို့စုံတွဲသည် သမီးလေးပျောက်မှုကို Saved in America (SIAM) အဖွဲ့သို့ သွားတိုင်လိုက်သည်။ ထိုအဖွဲ့သည် အမေရိကန် အထူးကွန်မန်ဒို လူဟောင်းကြီးများ၊ ရဲစုံထောက်ဟောင်းများ၊ အခြားကျွမ်းကျင်သူများ စုစည်းထားသော စေတနာ့ဝန်ထမ်းအဖွဲ့ဖြစ်သည်။ သူတို့အဖွဲ့က လူကုန်ကူးအဖွဲ့များကိုပစ်မှတ်ထားကာ လိုက်လံစုံစမ်းပြီး သားကောင်ဖြစ်ခံရသူများကို စေတနာ့ဝန်ထမ်းလိုက်ကယ်ပေးသည်။ တစ်ပတ်အတွင်း SIAM သည် ၁၆ နှစ်အရွယ်သမီးလေး ရောက်ရှိရာနေရာကို ဖော်ထုတ်နိုင်ခဲ့ပြီး ရောင်းစားခံခဲ့ရသော လိင်ကျွန်ပြု မှောင်ခိုဂိုဏ်း၏လက်မှ ကယ်တင်နိုင်ခဲ့သည်။ 

သူတို့အဖွဲ့၏ အင်တာနက် စာမျက်နှာအရ အချိန်ကာလ ၃၆ လအတွင်း ပျောက်ဆုံးနေသော ကလေး ၅၇ ဦးကို ပြန်ရှာပေးနိုင်ခဲ့သည်ဟု ဆိုထားသည်။ ဆင်ဒီယေဂို အခြေစိုက် အဆိုပါအဖွဲ့၏ စုံစမ်းထောက်လှမ်းခြင်း၊ စောင့်ကြည့်ခြင်းတို့တွင် ကျွမ်းကျင်မှုနှင့် ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကြောင့်လည်း သူတို့အဖွဲ့က ထိရောက်မှု မြင့်မားခြင်းဖြစ်သည်။ ပြန်လည် ကယ်တင်လာသော လူငယ်လေးများကို ပြုစုကုသပေးခြင်းနှင့် ပြန်လည် ထူထောင်ရေး အစီအစဉ်များနှင့်လည်း ချိတ်ဆက်ပေးထားပါသည်။ 

ဥပဒေဘက်တော်သားတာဝန်ရှိသူ အဖွဲ့အစည်းများကလည်း အဆိုပါ စေတနာ့ဝန်ထမ်း ဖိုက်တာကြီးများကို ကျေးဇူးတင်ကြသည်။ “သူတို့အဖွဲ့ဟာ တရားဥပဒေစိုးမိုးရေးအတွက် အရေးပါတဲ့ကဏ္ဍကနေ လက်တွဲ ဆောင်ရွက်နေကြပါတယ်။ ပြည်သူ့လုံခြုံရေး ရှုထောင့်ကရော၊ သားကောင်ဖြစ်ခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသူ ကလေးတွေအတွက် ပြန်လည် ထူထောင်ရေး ရှုထောင့်ကပါ ကျေးဇူးတင်စရာ ကောင်းပါတယ်”ဟု ဖလော်ရီဒါပြည်နယ် နယ်မြေခံရဲမှူးတစ်ဦးဖြစ်သူ မိုက်ခ်ဝီလီယမ်စ်က ပြောကြားသည်။ “ပြန်လည် လွတ်မြောက်လာသူ သားကောင်ဖြစ်ခံရသူတို့ဟာ တစ်ခါတလေ ရဲကို မယုံကြည်တတ်ပါဘူး။ ဒီလိုအခါမျိုးမှာ သူတို့အဖွဲ့က အလွန် အကူအညီရပါတယ်”ဟု ဆန်ဒီယေဂို ဥပဒေ အရာရှိ ဆမ်းမားစတီဖန်ကလည်း ပြောကြားသည်။ “ပုဂ္ဂလိက စုံစမ်းထောက်လှမ်းသူတွေဟာ ရဲတွေလောက်တော့ လုပ်ပိုင်ခွင့် မရှိပါဘူး။ သူတို့ဟာ ကျင့်ဝတ်ဆိုင်ရာ လိုက်နာကြပြီး ရဲကိုလည်း သတင်းအချက်အလက်တွေ ပေးပါတယ်။ ကျွန်တော်တို့က ကြိုဆိုရတာပေါ့”ဟု ၎င်းက ဆက်လက် ပြောဆိုသည်။ 

တရားဟောဆရာ တစ်ဦးလည်းဖြစ်ပြီး အလွတ်စုံထောက်လည်းဖြစ်သူ ဂျိုးဆက်ထရာဗာစ်သည် ၂၀၀၉ ခုနှစ်တွင် SIAM အဖွဲ့ကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ၂၀၀၉ ခုနှစ်တွင် ဘရစ်တနီဆိုသူ မိန်းကလေးငယ်တစ်ဦး ပြန်ပေးဆွဲခံရပြီး အသတ်ခံလိုက်ရပြီးနောက် တစ်ခုခု လုပ်တော့မည်ဟု ဆုံးဖြတ်ခဲ့ပြီးနောက် ကွန်မန်ဒိုဟောင်းများ၊ ရဲကွန်မန်ဒိုများ၊ အထူးတပ်ဖွဲ့ဝင်ဟောင်းများ၊ ပညာရှင်များ စုစည်းကာ အဖွဲ့ကိုတည်ထောင်ခဲ့သည်။ “လမ်းဘေး လူဆိုးဂိုဏ်းတွေ၊ ထောင်တွင်း အုပ်စုတွေနဲ့ မူးယစ်ရာဇာတွေဟာ ၁၉၈၀ ကာလတွေမှာ မူးယစ်မှောင်ခိုလုပ်နေရာကနေ နောက်ပိုင်း လိင်ပိုင်းဆိုင်ရာ ကုန်ကူးမှုတွေပါ လုပ်လာကြတယ်”ဟု ဂျိုးဆက်ထရာဗာစ် က ပြောကြားသည်။ “ကမ္ဘာပေါ်ကနေ လုံးဝ ပျောက်ကွယ်သွားတဲ့ ဘရစ်တနီဆိုတဲ့ ကောင်မလေးရဲ့သတင်းကို ဖတ်ကြည့်ပြီးနောက်မှာ ဒုစရိုက်ဂိုဏ်းတွေ ပါဝင်ပတ်သက်တယ်ဆိုတာ ကျွန်တော်သိလိုက်ပါတယ်”ဟု ၎င်းက ပြောပြသည်။ 

SIAM ကို တည်ထောင်ပြီးကတည်းက မော်ရင်းတို့ ဒေးဗစ်တို့လို မိဘများစွာကို ထရာဗာစ်တို့အဖွဲ့က ကြုံခဲ့ရသည်။ သက်ဆိုင်ရာ ဌာနများ၏ အလုပ်လုပ်နေပုံနှင့်ပတ်သက်ပြီး မကျေမနပ် စိတ် ဆင်းရဲနေကြသူများ ဖြစ်သည်။ “မိဘအတော်များများက ရုတ်တရက် စိတ်ထိခိုက်နေကြတယ်။ တစ်ခုခု အမြန်သိရဖို့ သူတို့ လိုအပ်နေကြတယ်”ဟု ထရာဗာစ်က ပြောကြားသည်။ မိဘများသည် သားသမီးပျောက်သော် ကိုယ်တိုင်လည်း ဝင်ရှာလိုကြသည်။ ပြဿနာက သူတို့က မလုပ်တတ်ခြင်းဖြစ်သည်။ ​Save In America သည် ၎င်းတို့၏ တိုက်ရည်ခိုက်ရည် သတ္တိကျွမ်းကျင်မှုတို့ကို အသုံးပြုကာ စုံစမ်းထောက်လှမ်းပြီး မိဘတွေကိုလည်း ကူညီ၊ ရဲကိုလည်း ကူညီသည်။ 

တည်ထောင်သူ မစ္စတာထရေဗာစ်၏ သားဖြစ်သူ ဂျိုရှူဝါထရေဗာစ်သည် အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးဖြစ်ကာ အမှုများကိုလည်း ဦးဆောင်ကိုင်တွယ်နေသူဖြစ်သည်။ “လူတွေဟာ ဒီလို လူကုန်ကူးမှုတွေဟာ သူတို့အိမ်နီးချင်းတွေမှာတောင် ဒီလိုကုန်ကူးခံနေရတာကို မသိကြပါဘူး။ လူကုန်ကူးမှုဟာ အဝေးကြီးမှာ ဖြစ်နေတာမဟုတ်ပါဘူး”ဟု ဂျူနီယာထရေဗာစ်က ပြောကြားသည်။ 

လူကုန်ကူးမှုတိုက်ဖျက်ရေး အလွတ်စုံထောက်အဖွဲ့၏ အားထုတ်မှုများက စိတ်ဝင်စားဖွယ်ကောင်းသည်။ သားသမီးပျောက် မိဘများအတွက်လည်း စိတ်ဖြေသာစရာ ရသည်၊ ရဲအတွက်လည်း အကူအညီ ရသည်။ ဒုစရိုက်သမားများအတွက်တော့ အိပ်မက်ဆိုး ဖြစ်ပေလိမ့်မည်။ ပရဟိတ အလွတ်စုံထောက်များသည် ကယ်တင်ခြင်းသာမက ကယ်တင်ပြီး ကုန်ကူးခံ သားကောင်ဟောင်း လွတ်မြောက်လာသူများ ပြန်လည် ထူထောင်ရေး၊ လူကုန်ကူးကိစ္စ ပညာပေးရေးတို့ကိုလည်း ဆောင်ရွက်နေကြသည်။

သန့်ဇင်စိုး



FOLLOW US