News

POST TAGGED AS

လုယက်မှု

08-Jan-2018

ပြည် လုယက်မှု
ပိုက်ဆံအိတ်လုယက်ခံရသူ အမျိုးသမီးနှစ်ဦး တရားခံကို ကိုယ်တိုင်လိုက်ဖမ်း
ပြည်၊ ဇန်နဝါရီ ၇

ပြည်မြို့ နဝဒေးလမ်းအတိုင်း ဆိုင်ကယ်မောင်းနှင်လာသော ညီအစ်မနှစ်ဦးထံမှ ပိုက်ဆံအိတ်ကို ဆိုင်ကယ်ဖြင့် အမျိုးသားနှစ်ဦးက လုယက်ခဲ့ရာ အဆိုပါညီအစ်မနှစ်ဦးက လိုက်လံဖမ်းဆီးခဲ့သဖြင့် လုယက်သူအမျိုးသားနှစ်ဦး ဆိုင်ကယ်ထားပြီး ထွက်ပြေးခဲ့ရကြောင်း ပြည်မြို့မရဲစခန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြည်မြို့၊ ပွင့်လှသိမ်ကုန်းရပ်ကွက်တွင် နေထိုင်သည့် ညီအစ်မနှစ်ဦးသည် ဇန်နဝါရီလ ၆ ရက်နေ့ ည ၈ နာရီခန့်က နဝဒေးလမ်းအတိုင်း ဆိုင်ကယ်မောင်းနှင်လာစဉ် အမျိုးသားနှစ်ဦးမောင်းနှင်လာသည့် ဆိုင်ကယ်က ဘေးချင်းယှဉ်မောင်းကာ ပိုက်ဆံအိတ်နှင့် လက်ကိုင်ဖုန်းကို လုယူခဲ့ခြင်းဖြစ်သည်။

“ညီအစ်မနှစ်ဦးက ဆိုင်ကယ်ချင်း လိုက်ချိတ်ပြီး ပြန်လိုက်ဖမ်းတော့ သင်္ဘောဆိပ်လမ်းနဲ့ ပြည်လမ်းဆုံနေရာမှာ ဆိုင်ကယ်လဲပြီး လုတဲ့နှစ်ယောက်က ဆိုင်ကယ်ပါထားခဲ့ပြီး ထွက်ပြေးသွားတယ်” ဟု ပြည်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ပိုက်ဆံအိတ်နှင့် လက်ကိုင်ဖုန်း ပြန်ရ၍ အဆိုပါညီအစ်မနှစ်ဦးက အမှုမဖွင့်ခဲ့သော်လည်း ကျန်ရစ်ခဲ့သည့် ဆိုင်ကယ်ကို သိမ်းဆည်းထားပြီး လုယက်သူများကို ဖမ်းဆီးရရှိနိုင်ရေး ကာယကံရှင်များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဆိုင်ကယ်စီးပြီး လိုက်လံဖမ်းဆီးသူမှာ ညီမဖြစ်သူ အသက် ၁၉ နှစ်အရွယ်ရှိပြီး ဆိုင်ကယ်နောက်မှ လိုက်ပါလာသည့် အစ်မဖြစ်သူသည် အသက် ၃၄ နှစ်အရွယ်ရှိကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

M-06



FOLLOW US