News

POST TAGGED AS

လုပ်ငန်း

ဘုရားဖူးလုပ်ငန်းတွင် ရထားနှင့်ရေကြောင်းအသုံးပြု ပို့ဆောင်ခြင်းကို အစိုးရက ပူးပေါင်းဆောင်ရွက်မည်
ရန်ကုန်၊ ဩဂုတ် ၇

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေနှင့် ပြည်တွင်းဘုရားဖူးလုပ်ငန်းတွင် ရထားနှင့်ရေကြောင်းခရီးမှ သင်္ဘောများဖြင့် ဘုရားဖူးပို့ဆောင်ခြင်းကို ပြည်တွင်းဘုရားဖူးနှင့်ခရီးသွားဝန် ဆောင်မှုအသင်းနှင့် ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်က ပြောကြားသည်။

ဩဂုတ်လ ၇ ရက်က UMFCCI တွင်ကျင်းပသော ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ဦးဆောင်ဖွင့်လှစ်သော ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်း ခရီးစဉ်လမ်းကြောင်းတာဝန်ခံ သင်တန်းဆင်းပွဲ အမှတ်စဉ် (၄) နှင့် အသင်းသားစုံညီ နှစ်ပတ်လည်အစည်းအဝေးတွင် ၎င်းက ပြောကြားခြင်းဖြစ်သည်။

“ပြည်တွင်းဘုရားဖူးလုပ်ငန်းမှာ ကားနဲ့ပဲ သယ်ယူပို့ဆောင်နေတာထက် ခရီးသွားအုပ်စုအဖွဲ့လိုက်ကို မီးရထား၊ သင်္ဘောနဲ့ပို့ဆောင်တာတွေကို လုပ်ဆောင်သင့်နေပြီ။ ဒါကြောင့် ဒီလိုပို့ဆောင်နိုင်အောင် အသင်းနဲ့ ပူးပေါင်းလုပ်ဆောင်ပေးမယ်”ဟု ဦးတင့်သွင်က ဆိုသည်။

ယင်းကဲ့သို့ လုပ်ဆောင်ခြင်းမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုဖြစ်ပြီး ပြည်တွင်း ဘုရားဖူးလုပ်ငန်းတွင် မော်တော်ကားဖြင့် ပို့ဆောင်နေခြင်းထက် နောင်တွင်ပိုမိုကောင်းမွန်သည့် သယ်ယူပို့ဆောင်ရေး မလွဲမသွေပေါ်လာမှာဖြစ်သည့်အတွက် မီးရထားဖြင့် ဘုရားဖူးသွားခြင်း၊ မြစ်ကြောင်းတွင် သယ်ယူပို့ဆောင်နေသည့် သင်္ဘောဖြင့် သယ်ယူပို့ဆောင်ခြင်း ဖြစ်လာမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ဒီလုပ်ငန်းစဉ်က ကြိုတင်ပြင်ဆင်ဖို့ လိုတယ်။ ရင်းနှီးမြှုပ်နှံချင်တဲ့သူတွေ ရှိလာနိုင်သလို အသင်းအနေနဲ့ ဒီထက်ကောင်းတဲ့ ဝန်ဆောင်မှုတွေနဲ့ဆိုရင် လိုအပ်တာကို ဆောင်ရွက်ပေးမှာပါ။ ဥပမာ-ရထားဆိုရင် ရထားဌာနကသူတွေနဲ့ပူးပေါင်းပြီး လက်မှတ်ဝယ်ယူရေးကအစ ဆောင်ရွက်ပေးမှာဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိ ရန်ကုန်-ပုဂံ အထက်တန်း အိပ်စင်တွဲများ၊ ထိုင်ခုံများမှာ ပိုမိုကောင်းမွန်လာပြီး စီးနင်းသူ အလွန်များပြားမှုများရှိကာ မြန်မာ့မီးရထား သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှာ တိုးတက်လာကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါလုပ်ငန်းအတွက် အစိုးရဌာနချင်း ပေါင်းစပ်လုပ်ကိုင်မည်ဖြစ်ပြီး ပြည်တွင်းဘုရားဖူးလုပ်ငန်းမှာ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သောကြောင့် ပူးပေါင်းပါဝင်လိုသူ အခြားပုဂ္ဂလိကလုပ်ငန်းရှင်များပါ ပါဝင်လုပ်ကိုင်လာအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါအသင်းအနေနှင့် ပြည်တွင်းက ဘုရားဖူးခရီးသည်များကို သွားလာရေးအဆင်ပြေအောင် ဝန်ဆောင်မှုပေးခြင်းဖြစ်ပြီး ခေတ်စနစ်နှင့်အညီ သယ်ယူပို့ဆောင်ရန် မော်တော်ကားများမှ လေအိတ် ကားများဖြစ်လာကာ ခရီးစဉ်တစ်လျှောက် ရပ်နားနေရာများတွင် ခေတ်စနစ်နှင့်ညီအောင် ဆောင်ရွက်လိုသည့် လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ဘုရားဖူးခရီးသည်များကို လက်ရှိတွင် သယ်ယူပို့ဆောင်ရေးကို မော်တော်ကားဖြင့်သာ ပို့ဆောင်နေခြင်းဖြစ်ပြီး ယင်းသို့ ကူညီဆောင်ရွက်ပေးခြင်းမှာ ကောင်းမွန်ကာ သယ်ယူပို့ဆောင်ရေး၏ လက်ရှိအခြေအနေအရ လိုအပ်ချက်များရှိနေကြောင်း ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်းမှ အလုပ်အမှုဆောင်၊ နယ်မြေတာဝန်ခံ ဦးရာဇာက ပြောကြားသည်။ 

“ညွှန်ချုပ်ပြောသလို ရထားနဲ့သင်္ဘောနဲ့ သွားဖို့ သေချာအစီအစဉ်တွေချသွားဖို့ လိုအပ်တယ်။ သူ့ရဲ့ကမ်းလှမ်းမှုက ကောင်းတယ်။ သင်္ဘောနဲ့ဆိုရင် ကုန်ကျစရိတ်များလာနိုင်တယ်”ဟု ၎င်းက ဆိုသည်။

ပြည်တွင်းဘုရားဖူးခရီးသည်များအနေနှင့် လမ်းခရီး ရက်ကြာမည်ကို မလိုလားသဖြင့် ရက်တိုခရီးနှင့် မြန်မြန်ရောက်နိုင်မည့် မော်တော်ကားဖြင့် ပို့ဆောင်နေခြင်းဖြစ်ကာ သယ်ယူပို့ဆောင်ရေးတွင် ရထားနှင့်သင်္ဘောများကို အချိန်တိုတိုဖြင့် ခရီးစဉ်ရောက်ရှိရန် လိုအပ်ကြောင်း ပြည်တွင်းဘုရားဖူးနှင့်ခရီးသွားဝန်ဆောင်မှု အသင်းထံမှသိရသည်။

J-06




FOLLOW US