News

POST TAGGED AS

လုပ်ငန်းရှင်များ

ကြွေးကျန် SME လုပ်ငန်းရှင် ၂၀ ဦးကို တရားစွဲမည်
ရန်ကုန်၊ ဇွန် ၁၀ 

ယခင်အစိုးရလက်ထက်က အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းများကို အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ် (SMID Bank) က ကျပ် ၃၀ ဘီလီယံ ထုတ်ချေးပေးခဲ့ရာ လုပ်ငန်းရှင် ၂၀ ဦးထံမှ ကျပ် ခြောက်ဘီလီယံ ကျန်ရှိနေသောကြောင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း SMID Bank အမှုဆောင်အရာရှိချုပ် ဒေါက်တာဇေယျာညွန့်က ပြောကြားသည်။ 

ကျပ်ခြောက်ဘီလီယံမှာ မကွေးမြို့၊ မြင်းခြံမြို့၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ SME လုပ်ငန်းရှင်များက ပေးသွင်းရန်ကျန်ရှိနေခြင်းဖြစ်ပြီး ကြွေးကျန်လုပ်ငန်းရှင်များကို တရားမအမှုသော်လည်းကောင်း၊ ရာဇဝတ်အမှုသော်လည်းကောင်း တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ယင်းဘဏ်ထံမှသိရသည်။ 

“ဦးသိန်းစိန်အစိုးရလက်ထက်က စက်မှုဝန်ကြီးဟောင်းဦးစိုးသိန်းရဲ့ ညွှန်ကြားချက်နဲ့ ပြည်နယ်တစ်ခုကို တစ်ဘီလီယံ ထုတ်ချေးခိုင်းခဲ့တယ်။ သူမဲဆွယ်တဲ့ ကယားပြည်နယ်မှာတောင် ထုတ်ချေးပေးခဲ့ရတယ်။ အခုအစိုးရလက်ထက်မှာ ချေးငွေသက်တမ်း သုံးနှစ်ပြည့်သွားတဲ့အတွက် အဲငွေတွေကိုပြန်အပ်လိုက်ပြီ။ ဒါပေမဲ့ ချေးတဲ့သူတွေဆီက ခြောက်ဘီလီယံ လောက်ကျန်သေးတယ်”ဟု ဒေါက်တာဇေယျာညွန့်က ပြောဆိုသည်။ 

ယခင်အစိုးရလက်ထက်က ချေးငွေများကို ဘဏ်မှစိစစ်ခွင့်မရှိဘဲ ညွှန်ကြားချက်အတိုင်းသာ ချေးခဲ့ရသောကြောင့် အချို့လုပ်ငန်းရှင်များမှာ ချေးငွေကို ပြန်လည်ပေးဆပ်လိုခြင်း မရှိခြင်းဖြစ်ကြောင်း SMID Bank ထံမှ သိရသည်။ 

SMID Bank အနေနှင့်လည်း လက်ရှိတွင် မကွေးနှင့် မြင်းခြံမြို့နယ်များရှိ ချေးငွေကျန်ရှိသူများကို တရားစွဲဆိုထားပြီး တရားရင်ဆိုင်နေရသည့်အမှုပေါင်း ၄၀ ခန့်ရှိကြောင်း ယင်းဘဏ်ထံမှ သိရသည်။ 

J-11



FOLLOW US