News

POST TAGGED AS

လုပ်ငန်းရှင်များ

တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း စတင်ဖွဲ့စည်း


ရန်ကုန်၊ မတ် ၁၈

ငြိမ်းချမ်းရေးကိုဦးတည်၍ တိုင်းရင်းသားဒေသများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ကုန်သည်စက်မှု အသင်းချုပ်နှင့် United Nations Global Compact Network Myanmar တို့ ပူးပေါင်းကာ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းကို မတ်လ ၁၇ ရက်နေ့က စတင်ဖွဲ့စည်းလိုက်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။ 

တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းရာတွင် အလုပ်အမှုဆောင် အဖွဲ့ဝင်များရွေးချယ်ရန် တိုင်းရင်းသားမျိုးနွယ်စု ၈ မျိုးကို အခြေခံ၍ မျိုးနွယ်စုတစ်ခုချင်းအလိုက် မဲပေးစနစ်ဖြင့်ရွေးချယ်ခဲ့ပြီး စုစုပေါင်းအဖွဲ့ဝင် ၂၇ ဦးဖြင့် စတင်ဖွဲ့စည်းလိုက်ကြောင်း မွန်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးမင်းဗညားစံက ပြောကြားသည်။ 

“တိုင်းရင်းသားမျိုးနွယ်စုအားလုံးရဲ့ ဒေသတွေမှာ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာအောင် တိုင်းရင်းသားမျိုးနွယ်စု တစ်ခုနှင့်တစ်ခုချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်နိုင်မှ ယုံကြည်မှုတွေ ရှိလာမှာဖြစ်ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကိုဖော်ဆောင်ရာမှာ အထောက်အကူ ဖြစ်လာမှာဖြစ်တယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောဆိုသည်။ 

တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းခြင်းအားဖြင့် တိုင်းရင်းသားလုပ်ငန်းရှင်များသည် မိမိတို့ဒေသအတွင်းရှိသည့် စီးပွားရေးဈေးကွက်များ၊ ယဉ်ကျေးမှုများကို ရှာဖွေပေးကာ အစိုးရအဖွဲ့ အစည်းများ၊ ဝန်ကြီးဌာနများ၊ စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ခရီးသွားလုပ်ငန်းများ၊ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ၊ ရိုးရာအစားအသောက်၊ အဝတ်အထည်နှင့် လက်မှုပစ္စည်းပြပွဲများ စသည့်လုပ်ငန်းများကို ပိုမိုတွင်ကျယ်စွာ လုပ်ကိုင်နိုင်ရန်အတွက် ဝိုင်းဝန်းကြိုးပမ်းရန် လိုအပ်ကြောင်း ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ဝင် ပါမောက္ခဒေါက်တာအောင်ထွန်းသက်က ပြောကြားသည်။ 

“အသင်းဖွဲ့စည်းပြီးနောက် တိုင်းရင်းသားစီးပွားရေး လုပ်ငန်းအားလုံးဟာ လူ့အခွင့်အရေးကို စောင့်ရှောက်နိုင်တဲ့၊ ဝန်ထမ်းရေးရာများကို တာဝန်ယူနိုင်တဲ့၊ လာဘ်ပေးလာဘ်ယူကင်းတဲ့၊ တာဝန်ကျေတဲ့ တိုင်းရင်းသားလုပ်ငန်းရှင်များဖြစ်ဖို့ လိုအပ်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 

J-11



FOLLOW US