News

POST TAGGED AS

လှိုင်သာယာ

ခွင့်မတောင်းဘဲ လက်ကိုင်ဖုန်း ယူဆောင်အသုံးပြုသူကို သံတုတ်ဖြင့် ရိုက်သတ်
ရန်ကုန်၊ မတ် ၂၇

လှိုင်သာယာမြို့နယ်၊ အပြင်ပဒံကျေးရွာ၊ သဲကွင်းရှိ သင်္ဘောတစ်စင်းပေါ်တွင် အသက် ၂၁ နှစ်အရွယ် အမျိုးသားတစ်ဦး ခွင့်မတောင်းဘဲ လက်ကိုင်ဖုန်း ယူအသုံးပြုသည်ဟုဆိုကာ သံတုတ်ဖြင့် ရိုက်သတ်ခံရခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသူ အငယ်လေး (ခ) ထက်ထက်အောင်မှာ ကျောက်စရစ်ခဲများ သယ်ဆောင်လာသည့် သင်္ဘောမှ အလုပ်သမားဖြစ်ပြီး မတ်လ ၂၆ ရက် မွန်းလွဲ ၃ နာရီဝန်းကျင်က သင်္ဘောအနောက်ဘက်ရှိ အလုပ်သမားများ နားနေတဲတွင် အသက် ၁၉ နှစ်အရွယ် ထက်မြက်အောင် (ခ) ထက်မြက်နှင့် စကားများရန်ဖြစ်ခဲ့ပြီး သံတုတ်ဖြင့် ရိုက်နှက်ခံရကြောင်း အမှုဖွင့် တိုင်ကြားချက်အရ သိရသည်။

“လူသတ်မှုကျူးလွန်ခဲ့တဲ့သူက သူ့လက်ကိုင်ဖုန်းကို သေဆုံးသူက ခွင့်မတောင်းဘဲ ယူအသုံးပြုလို့ဆိုပြီး သံတုတ်နဲ့ ရိုက်နှက်ခဲ့တာ။ ပြစ်မှုကျူးလွန်ပြီး တိမ်းရှောင်ထွက်ပြေးသွားပေမယ့် အခင်းဖြစ်နေ့ ညနေ ၆ နာရီခွဲမှာ သူ့ကိုဖမ်းဆီးနိုင်ခဲ့တယ်”ဟု ရဲအရာရှိက ရှင်းပြသည်။

သံတုတ်ဖြင့် ရိုက်နှက်ခံရသည့် အငယ်လေးမှာ ဦးခေါင်းတွင် ပေါက်ပြဲဒဏ်ရာ သုံးချက်ရခဲ့ပြီး လှိုင်သာယာမြို့နယ် ဆေးရုံသို့တင်ပို့စဉ် လမ်းခုလတ်တွင် သေဆုံးခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့သည့် ထက်မြက်အောင် (ခ) ထက်မြက်ကို ယင်းနေ့ ညနေ ၆ နာရီခွဲတွင် လှိုင်သာယာမြို့နယ်၊ အမှတ် (၅) ရပ်ကွက်တွင် ပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့ပြီး ယင်းအမှုကို သောင်ကြီးနယ်မြေ ရဲစခန်းက လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

S-03




FOLLOW US