News

POST TAGGED AS

လိုင်စင်

ဘုန်းကြီးနှင့် လူမှုရေးအသင်းပိုင် လိုင်စင်မဲ့ယာဉ်များကို ဖမ်းမည်
တောင်ငူ၊ ဇူလိုင် ၁၂

ပဲခူးတိုင်းအတွင်းရှိ ဘုန်းကြီးနှင့် လူမှုရေးအသင်းများ ပိုင်ဆိုင်သည့် လိုင်စင်မဲ့ မော်တော်ယာဉ်များကို ယင်းတိုင်းအစိုးရ အဖွဲ့ဆုံးဖြတ်ချက်အရ ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း မြို့နယ်သံဃနာယကအဖွဲ့က ထုတ်ပြန်သည်။

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၁၀/၂၀၁၈ အစည်းအဝေးဆုံးဖြတ်ချက် အပိုဒ် ၅-က အရ လိုင်စင်မဲ့ မော်တော်ယာဉ်များကို တိကျစွာစစ်ဆေးအရေးယူတော့မည် ဖြစ်သည့်အတွက် အသိပေးအကြောင်းကြားထားပြီး နောက်ပိုင်းကိစ္စများကို တာဝန်မယူပါကြောင်း တိုင်းအစိုးရအဖွဲ့၏ ညွှန်ကြားချက်ကို ဇီးကုန်းမြို့နယ် သံဃနာယကအဖွဲ့က ဇူလိုင် ၁၂ ရက်နေ့က ထုတ်ပြန်ထားသည်။

“ဘုန်းကြီးတို့ဆီတော့ မြို့နယ် ထွေ/အုပ်က နှုတ်နဲ့အသိပေးအကြောင်းကြားတယ်။ ဘုန်းကြီးတို့ကတော့ နွမ်းပါးတဲ့လူတွေအတွက် ဆက်လက်လုပ်ဆောင်နေမှာပါ။ သိမ်းတဲ့အခါမှ သိမ်းပါစေတော့ဆို ပြီးတော့ပေါ့”ဟု အုတ်တွင်းမြို့ ရင်ခုန်သံရှင်ရေးကူညီမှုအသင်း ဆရာတော်ရှင်တေဇက မိန့်ကြားသည်။

လက်ရှိပဲခူးမြို့အတွင်း လိုင်စင်မဲ့မော်တော်ယာဉ် ၁၃ စီး ဖမ်းမိထားကြောင်း ပဲခူးခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

တိုင်းနှင့်ပြည်နယ် အသီးသီးတွင်လည်း တရားမဝင်လိုင်စင်မဲ့ မော်တော်ယာဉ်များကို ဖမ်းဆီးစစ်ဆေး အရေးယူဆောင်ရွက်နေသကဲ့သို့ ပဲခူးတိုင်းတွင်လည်း အရေးယူဆောင်ရွက်ရန် ပြင်ဆင်ခြင်းဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက ပြောကြားသည်။

ဇွန်လ ၂၅ ရက်နေ့က တောင်ငူနည်းပညာတက္ကသိုလ် ကျောင်းသားများ ပရဟိတအဖွဲ့ပိုင် လိုင်စင်မဲ့အရေးပေါ် လူနာတင်ယာဉ်ဖြင့် လူနာပို့ဆောင်စဉ် ရဲတပ်ကြပ်ကြီးတစ်ဦးက စည်းကမ်းဖောက်သည်ဟုဆိုကာ ကျပ်သုံးသောင်းတောင်းသည့် သတင်းထွက်လာပြီးနောက်ပိုင်း ထိုသို့ ဘုန်းကြီးနှင့် လူမှုရေးအသင်းပိုင် လိုင်စင်မဲ့ကားများကို ဖမ်းဆီးရန် လုပ်ဆောင်လာခြင်းဖြစ်ကြောင်း လူမှုရေးအသင်းများက ဆိုသည်။

R-15



FOLLOW US