News

POST TAGGED AS

လိုင်စင်မဲ့

လိုင်စင်မဲ့ကားစီးသော ဒုရဲအုပ်ကို တိုင်ကြားမှု ငါးရက်ကြာသည်အထိ အမှုမဖွင့်
ဟင်္သာတ ဇူလိုင် ၂၀

ဧရာဝတီ တိုင်းဒေသကြီး ဟင်္သာတမြို့ ဟင်္သာတခရိုင်ရဲတပ်ဖွဲ့မှူးရုံး ၊ဌာနစိတ်တစ်ခုမှ ဒုရဲအုပ်တစ်ဦးသည် လိုင်စင်မဲ့ကား စီးနင်းမှုနှင့် ပတ်သက်၍ ဇူလိုင်လ ၁၆ ရက်နေ့က တိုင်ကြားထားသော်လည်း ငါးရက်ကြာသည်အထိ အမှုမဖွင့်သေးကြောင်း တိုင်ကြားသူများက ပြောကြားသည်။ 

အဆို ဟင်္သာတမြို့ လယ်တီကွင်းရပ်ကွက် မြို့ပတ်လမ်းရှိ နေအိမ်တစ်ခုတွင် ငါးမန်းဂိမ်း လောင်းကစားနေကြောင်း သတင်းအရသဖြင့် ဒုရဲအုပ်တစ်ဦးက နယ်မြေစခန်း နယ်ထိန်းအဖွဲ့၊ သက်သေအဖွဲ့များနှင့် သွားရောက် ဖမ်းဆီးခဲ့ကြောင်း၊ ငါးမန်းဂိမ်းဆိုင်ကို လာရောက် ဖမ်းဆီးသော ဒုရဲအုပ်ကိုယ်တိုင် မောင်းနှင်လာသည့် မော်တော်ယာဉ်မှာ လိုင်စင်မဲ့ယာဉ်ဟု သံသယရှိသဖြင့် မိတ်ဆွေများကို အကူအညီတောင်းကာ ယာဉ်ထိန်းရဲတပ်ဖွဲ့ထံ တိုင်ကြားထားခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

လာရောက် ဖမ်းဆီးစဉ် ဂိမ်းဆိုင်မှာ ဖွင့်လှစ်ထားခြင်း မရှိကြောင်း၊ လိုင်စင်မဲ့ယာဉ် မောင်းလာသည်ဟု စွပ်စွဲတိုင်ကြားခံရသူ ဒုရဲအုပ်က ဂိမ်းစက် ၁၀ လုံးကို သိမ်းဆည်းကာ လောင်းကစား ဥပဒေပုဒ်မ ၁၃ (က)၊ ၁၄ (က) ဖြင့် တရားလို ပြုလုပ်ကာ အမှုဖွင့်ခဲ့ကြောင်း အမှုဖွင့်ခံရသူက ပြောကြားသည်။

လိုင်စင်မဲ့ ယာဉ်စီးနင်းသည်ဟု တိုင်ကြားခံရသော ဒုရဲအုပ်ကို စစ်ဆေးမေးမြန်းရာ စီးနင်းခဲ့သော အဖြူရောင် ဟွန်ဒါဖစ်ယာဉ်မှာ ရင်းနှီးသူတစ်ဦးက ယူဆောင်လာပြီး လိုင်စင်အမှန် ဟုတ် မဟုတ် ကညနတွင် စစ်ဆေးပေးပါရန် အကူအညီ တောင်းခံခြင်းကြောင့် ယူထားသော ကားဖြစ်သည်ဟု ကနဦး ထွက်ဆိုထားကြောင်း ဟင်္သာတခရိုင် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါယာဉ်ကို အမှတ်(၁) ရဲစခန်းက သိမ်းဆည်းထားပြီး ကညနရုံး၏ အတည်ပြုချက် ရရှိမှသာ ဆောင်ရွက်မည် ဖြစ်ကြောင်း ဟင်္သာတ မြို့မရဲစခန်းမှူး ဒုတိယ ရဲမှူးခင်မောင်ထွန်းက ပြောကြားသည်။

ဟွန်ဒါဖစ် မော်တော်ယာဉ်ကို ဟင်္သာတ ခရိုင်ကုန်းလမ်းပို့ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တစ်ဆင့် သက်ဆိုင်ရာ အဆင့်ဆင့်ထံ တင်ပြစစ်ဆေးနေပြီး အဖြေမရသေးကြောင်း၊ လိုင်စင်မဲ့ကား ဖြစ်ပါက ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း ဟင်္သာတခရိုင်ရှိ အမှတ် (၈၄) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုတိယရဲမှူး အောင်ဝင်းက ပြောကြားသည်။

R-13



FOLLOW US