News

POST TAGGED AS

လိမ်လည်မှု

09-May-2018

စစ်ကိုင်း
ဆားတောင်-မင်းကွန်းလမ်းကို ပြုပြင်မည်


မန္တလေး၊ မေ ၈

စစ်ကိုင်းတိုင်းအတွင်းရှိ ဆားတောင်မြို့နှင့် မင်းကွန်းမြို့ကို တိုက်ရိုက်သွားနိုင်သည့် လမ်းကို ပြုပြင်မွမ်းမံမည်ဖြစ်ကြောင်း စစ်ကိုင်းခရိုင် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်မြင့်ဦးက ပြောကြားသည်။

နှစ်မိုင်ကျော်ရှည်လျားသည့် ယင်းလမ်းကို လက်ရှိခြောက်လဘတ်ဂျက်တွင် လမ်းမိုင် လေးဖာလုံကို ကနဦးပြုပြင်မည်ဖြစ်ကာ ကျန်ရှိသည့်လမ်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဆက်လက်ပြုပြင်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ 

“ဒီလမ်းမှာ ရေမျက်ကြီးအင်းရှိတယ်။ ၁၉၉၆ ခုနှစ်မှာ စစ်ကိုင်းတစ်မြို့နယ် လုံးရေလွှမ်းတဲ့အခါမှာ လမ်းပျက်တယ်။ သုံးလို့မရတာက နှစ်၂၀ ကျော်သွားပြီ။ တကယ်ကျန်နေတာက နှစ်မိုင်ကျော်ကျန်နေတယ်။ ဆားတောင်၊ ဆမုန်း၊ ပဒူ၊ ခက်ခကနေမှ အမှတ် ၃ ခရိုင်ချင်းဆက်လမ်းကို တင်လိုက်မှာ ဖြစ်ပါတယ်။ တင်လိုက်လို့ရှိရင် စစ်ကိုင်းမြို့ အရှေ့ခြမ်းနဲ့၊ အနောက်ခြမ်းကို ဆက်သွယ်နိုင်မယ်။ အကျိုးပြုနိုင်မှာက ရွာပေါင်း ၂၄ ရွာ။ သွားရေးလာရေး၊ ကုန်စည်ကူးသန်းရေး အဆင်ပြေသွားမယ်”ဟု ဦးအောင်မြင့်ဦးက ရှင်းပြသည်

အဆိုပါလမ်းသည် အင်္ဂလိပ်များ စစ်ပြေးရာတွင် ဖောက်လုပ်ခဲ့သည့် လမ်းဟု ဒေသခံများထံမှသိရပြီး လက်ရှိတွင် ဆိုင်ကယ်များသာသွားလာ၍ ရတော့ကြောင်း၊ ရေကျော်မှုများကြောင့် လမ်းပိုင်း ပျက်စီးမှုများရှိနေကြောင်း စစ်ကိုင်းမြို့နယ် မဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်းက ပြောကြားသည်။

အဆိုပါလမ်းကို အကျယ် ၁၈ ပေရှိ ကျောက်ခင်းလမ်းအဖြစ် ပြုလုပ်မည်ဖြစ်ကာ လက်ရှိခြောက်လဘတ်ဂျက်အတွင်း လမ်းအလျား လေးဖာလုံကို ကျပ် ၄၈ သန်းခန့် အကုန်အကျခံ ပြုပြင်မည်ဖြစ်ကြောင်း၊ လမ်းပြုပြင်ခြင်းလုပ်ငန်းများကို ဇွန်လတွင် စတင်လုပ်ဆောင်သွားမည်ဖြစ်ကာ ကျန်ရှိသည့် လမ်းမိုင် ၂ မိုင် ၂ ဖာလုံခန့်နှင့် တံတားတစ်စင်းကို ကျပ်သန်း ၄၀၀ ကျော် အကုန်အကျခံ၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြုလုပ်မည်ဖြစ်ကြောင်း စစ်ကိုင်းခရိုင် ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။

M-05




FOLLOW US