News

POST TAGGED AS

လိမ်လည်မှု

ဧရာဝတီတိုင်း ဝန်ကြီးချုပ်လက်မှတ်အတုဖြင့် လိမ်လည်သည့် မှုခင်းသတင်းထောက်ကို ဖမ်းမိ


ပုသိမ်၊ မတ် ၁၆

မြေယာများချထားပေးမည်ဟုဆိုကာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၏ လတ်မှတ်အတုဖြင့်လိမ်လည်ခဲ့သည့် မူခင်းအထူးသတင်းထောက် ဦးစိန်ထွန်း (ခေါ်) စိန်ထွန်းချေဆိုသူအား မတ်လ ၁၅ ရက်နေ့ ည ၈ နာရီကျော်ခန့်က ဖမ်းဆီးခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ပုသိမ်မြို့ ငဝန်မြစ်ကူး ကြိုးတံတားအနီး ပုသိမ်ဘက်ကမ်းရှိ မြေကွက်လပ်တွင် နေစရာအိမ်မရှိဘဲ ငှားရမ်းနေထိုင်ကြရသည့် တိုင်းရင်းသားများအား မြေနေရာချထားပေးရန် ဝန်ကြီးချုပ် ဦးလှမိုးအောင်မှ အတည်ပြုလတ်မှတ်ရေးထိုးသည့် စာချုပ်အတုများဖြင့် ငွေကြေးတောင်းခံလိမ်လည်ခံခဲ့ကြောင်း ဦးမြင့်စိုးက ပုသိမ်မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့ရာမှ ဖမ်းဆီးမိခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှုးကြီး ခင်မောင်လတ်က ပြောသည်။

၂၀၁၇ ဒီဇင်ဘာလအတွင်းမှ စတင်လိမ်လည်ခဲ့ခြင်းဖြစ်ပြီး လိမ်လည်ခဲ့ရာတွင် 
အသုံးပြုသော နိုင်ငံတော်တံဆိပ်ခေါင်း၊ နိုင်ငံတော် တံဆိပ်တုံး၊ ဝန်ကြီးချုပ် ဦးလှမိုးအောင် လတ်မှတ်အတုဖြင့် လိမ်ထားသော စာရွက်စာတမ်း၊ မြေယာစီမံခန့်ခွဲမှုကော်မတီ ဦးမင်းညီ၏ လက်မှတ်အတု စာရွက်စာတန်းများ၊ ဦးစိန်ထွန်း (ခေါ်) စိန်ထွန်းချေ ဓါတ်ပုံနှင့် အမည်ပါ မှုခင်းသတင်းထောက်ကဒ်တို့ကို သိမ်းဆီးရမိခဲ့ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

“မူခင်းသတင်းထောက်ပုံစံနဲ့ဝင်လာတယ် ဆိုင်ကယ်လာပြင်ရင်း ရင်နှီးအောင်လုပ်တယ် မြေကွက်တွေချပေးမယ်ပြောပြီး ပိုက်ဆံတောင်းတယ် တစ်ပတ်ကိုတစ်ခါလောက် ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ ပိုက်ဆံတောင်းတာ အခုဆို ၂၅ သိန်းလောက်ရှိနေပြီ မနေ့ကမှ (မတ်လ ၁၅) ရက်နေ့ ဆိုင်ကယ်လာပြင်တဲ့ မြေစာရင်းက ဝန်ထမ်းကို စာရွက်တွေပြကြည့်မှ လိမ်မှန်းသိတယ် အစိုးရရုံးမှာသွားတိုင်ပြီး 
ရဲစခန်းမှာ အမှုဖွင့်ခဲ့တာပါ”ဟု တိုင်ကြားသူ ဦးမြင့်စိုး၏ ဇနီးဖြစ်သူ ဒေါ်မေသူအောင်က ပြောသည်။

မှုခင်းသတင်းထောက် လက်မှတ်ကိုင်ဆောင်ထားသူ အသက် ၅၄ နှစ်ရှိ ဦးစိန်ထွန်း 
(ခေါ်) စိန်ထွန်းချေအား ပုသိမ်မြို့မရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၄၂၀ /၄၆၈ တို့ဖြင့်
အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မှုခင်းသတင်းထောက်ကဒ်ကိုလည်း အတုအစစ် ဟုတ်မဟုတ် ဆက်လက်စစ်ဆေးဖေါ်ထုတ်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုးရုံးမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်းက ၀န်ကြီးချုပ် မန်းဂျော်နီ အမည်အလွဲသုံး၍ လိမ်လည်မှုတစ်ခုဖြစ်ပွားရာ ဖမ်းဆီးရမိပြီး ယခုဖြစ်စဉ်မှာ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရ၏ ဒုတိယအကြိမ်မြောက် ဖြစ်စဉ်ဖြစ်ကြောင်း သိရသည်။

R-12



FOLLOW US