News

POST TAGGED AS

လိမ်လည်မှု

ခရီးသည်က ဆိုင်ကယ်နှင့် ရွှေများ လုယက်သွားကြောင်း လီဆယ်တိုင်ကြားသည့် ကယ်ရီမောင်းသူကို အမှုဖွင့်
ရန်ကုန်၊ မတ် ၅

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရွှေကြာပင်လမ်းနှင့် သံတမန်အိမ်ရာ ကွန်ကရစ်လမ်းဆုံတွင် အမည်မသိ ခရီးသည်အမျိုးသားတစ်ဦးက ကြိုးဖြင့်ချည်နှောင်ကာ ခြိမ်းခြောက်ပြီး ဆိုင်ကယ်နှင့် ရွှေထည်ပစ္စည်းများကို လုယူသွားကြောင်း လီဆယ်တိုင်ကြားခဲ့သည့် ကယ်ရီမောင်းသူ အမျိုးသားကို အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

လီဆယ်တိုင်ကြားသူ အသက် ၃၅ နှစ် မင်းသူဝင်းမှာ နေပြည်တော်မြို့မဈေးတွင် မတ်လ ၄ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်က အမည်မသိ အမျိုးသားတစ်ဦးကို ၎င်း၏ဆိုင်ကယ်ဖြင့် လိုက်ပို့စဉ် အဆိုပါခရီးသည် အမျိုးသားက ရွှေကြာပင်လမ်းနှင့် သံတမန်အိမ်ရာကွန်ကရစ်လမ်းဆုံအရောက် ၎င်းကို ကြိုးဖြင့်ချည်နှောင်ပြီး ခြိမ်းခြောက်ပြောဆို၍ ဆိုင်ကယ်နှင့် ရွှေထည်များကို လုယူသွားခဲ့ကြောင်း အမှုဖွင့်တိုင်ကြားခဲ့သည်။

ယင်းတိုင်ကြားချက်အရ ရဲတပ်ဖွဲ့က မြို့မဈေးတွင် တပ်ဆင်ထားသည့် CCTV မှတ်တမ်းများကို စစ်ဆေးခဲ့ရာ ကယ်ရီမောင်းသူ မင်းသူဝင်းမှာ ခရီးသည်မပါဘဲ ၎င်းတစ်ဦးတည်း ဆိုင်ကယ်မောင်းနှင်သွားကြောင်း တွေ့ရှိခဲ့သဖြင့် ၎င်း၏ နောက်ကြောင်းရာဇဝင်ကို ထပ်မံစုံစမ်းခဲ့ရာ မင်းသူဝင်းမှာ ၂၀၁၇ ခုနှစ်က အမှတ် (၅)နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၄၀၆ ဖြင့် အမှုရင်ဆိုင်နေသူဖြစ်ပြီး လတ်တလော ငွေကြေးကုန်ကျစရိတ်များနေကြောင်း ပတ်ဝန်းကျင်ထံမှ စုံစမ်းသိရှိခဲ့သဖြင့် အမှုဖွင့်သူ မင်းသူဝင်းကို ထပ်မံ၍ အသေးစိတ် စစ်ဆေးခဲ့သည်။

ယင်းသို့စစ်ဆေးခဲ့ရာ မင်းသူဝင်းက ၎င်း၏ ရွှေပန်းထိမ်လုပ်ငန်းတွင် အပ်နှံထားသည့် ရွှေထည်ပစ္စည်းများထဲမှ ရွှေလက်စွပ်တစ်ကွင်းနှင့် ရွှေဆွဲသီးတစ်ခုတို့ကို မြို့မဈေးရှိ ရွှေဆိုင်တစ်ဆိုင်တွင် ပေါင်နှံထားပြီး ရွှေထည်ပြုလုပ်ရန် အပ်နှံထားသည့် ငွေနှင့် ရွှေတစ်ကျပ်သား လက်စွပ်တို့ကိုပါ လတ်တလောတွင် ပြုလုပ်ပေးနိုင်ခြင်း မရှိသဖြင့် မိသားစုနှင့် ပြဿနာမဖြစ်စေရန် တစ်ဦးတည်းကြံစည်ကာ အခင်းဖြစ်နေရာအရောက် အသင့်ဝယ်ယူလာသော ကြိုးဖြင့် မိမိကိုယ်ကိုယ် ချည်နှောင်ပြီး ဆိုင်ကယ်နှင့် ရွှေထည်များ လုယက်ခံရသည်ဟု လီဆယ်တိုင်ကြားခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သဖြင့် ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03



FOLLOW US