News

POST TAGGED AS

လိမ်လည်မှု

ယတြာချေရမည်ဟု ရွှေတိဂုံဘုရားပေါ်သို့ ခေါ်ဆောင်ကာ လက်ဝတ်ရတနာများ လိမ်လည်ခိုးယူသူကို အမှုဖွင့်
ရန်ကုန်၊ ဖေဖော်ဝါရီ ၃ 

ရန်ကုန်ကလေးဆေးရုံကြီးတွင် တက်ရောက်ကုသနေရသည့် သားဖြစ်သူအတွက် ယတြာချေရမည်ဟု ပြောဆိုခေါ်ဆောင်ကာ လက်ဝတ်ရတနာများထည့်ထားသည့် ပိုက်ဆံအိတ်အား လိမ်လည်ခိုးယူသွားသည့် အမျိုးသမီးကို ဒဂုံမြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။ 

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ မင်းကဆိပ်ကျေးရွာတွင် နေထိုင်သူ အသက် ၃၈ နှစ်အရွယ် ဦးအောင်တင်ဝင်းသည် ဇန်နဝါရီလ ၂၅ ရက် နံနက် ၈ နာရီ ခန့်က အမည်မသိ၊ လူမြင်လျှင်မှတ်မိသူ အသက် ၅၀ အရွယ်ခန့်ရှိ အမျိုးသမီးတစ်ဦးက သားဖြစ်သူ၏ကျန်းမာရေး ပြန်လည်ကောင်းမွန်စေရန်အတွက် ရွှေတိဂုံဘုရားပေါ်တွင် ယတြာချေရမည်ဟု ပြောဆိုကာ ခေါ်ဆောင်သွားသဖြင့် လိုက်ပါပြုလုပ်စဉ် လက်ဝတ်ရတနာများ ထည့်ထားသည့် ပိုက်ဆံအိတ်ကို ယင်းအမျိုးသမီးက လိမ်လည်ခိုးယူ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း အမှုဖွင့်တိုင်တန်းချက်အရ ယင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“သူ့သားက သွေးကင်ဆာ အထူးကြပ်မတ်ဆောင်မှာ ကုသနေတာ။ ဆေးရုံကိုလာပြီးတော့ ယတြာချေရမယ် ဆိုပြီးပြောတယ်၊ အဲဒါနဲ့ သူတို့ဇနီးမောင်နှံက လိုက်သွားတာ။ သူ့ကိုတော့ တနင်္လာထောင့်မှ ပုတီး (၁၁) ပတ် စိပ်ရမယ်ပြောပြီး ထားခဲ့တာ။ သူ့ရဲ့ဇနီးကိုတော့ စနေထောင့်ကို ခေါ်သွားပြီး ရေသပ္ပာယ်နေတုန်း ပေးထားခဲ့တဲ့ ပိုက်ဆံအိတ်ကို ခိုးယူထွက်ပြေးသွားတာပါ၊ အခုထိတော့ စုံစမ်းရှာဖွေနေတုန်းပဲ”ဟု အမှုဖွင့်တိုင်တန်းချက်အရ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

လိမ်လည်ခိုးယူခံရမှုကြောင့် ပိုက်ဆံအိတ်အတွင်းထားသည့် သံကြိုးပုံရွှေဆွဲကြိုး တစ်ကျပ်သားနှစ်ကုံး၊ ရွှေလက်ကောက် တစ်ကွင်း၊ Samsumg S6 အမျိုးအစား အဖြူရောင် လက်ကိုင်ဖုန်းတစ်လုံး၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားသုံးခုနှင့် မြန်မာငွေရောရာ ၅ သိန်းခွဲခန့်တို့ ပါသွားသဖြင့် လိမ်လည်ခိုးယူ ထွက်ပြေးသွားသည်ဟုဆိုသော အသက် ၅၀ အရွယ်ခန့်ရှိ အမျိုးသမီးကို စုံစမ်း ဖော်ထုတ်အရေးယူပေးပါရန် ဖေဖော်ဝါရီလ ၁ ရက် မွန်းလွဲပိုင်းက အမှုဖွင့်တိုင်ကြားခဲ့ရာ ဒဂုံမြို့မရဲစခန်းက (ပ) ၁၂/၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားသည်။ 

J-16




FOLLOW US