POST TAGGED AS

လိပ်ကျွန်းအမှု

လိပ်ကျွန်းအမှု ထိုင်းအစိုးရ ရှေ့နေများ အယူခံလွှာ မတင်
ရန်ကုန်၊ နိုဝင်ဘာ ၁၁

ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုနှင့် ပတ်သက်၍ အယူခံ တရားရုံးက စစ်ဆေးနေပြီး တရားလို ရှေ့နေထံမှ အယူခံ လျှောက်လဲချက် တင်ရန် ကိုးကြိမ် တောင်းဆိုခဲ့သော်လည်း နောက်ဆုံး သတ်မှတ်ရက်အထိ အယူခံဝင်ခြင်း မရှိကြောင်း ယင်းအမှုတွင် လိုက်ပါ ဆောင်ရွက်နေသူများထံမှ သိရှိရသည်။

နောက်ဆုံး သတ်မှတ်ရက်ဖြစ်သည့် နိုဝင်ဘာလ ၁ဝ ရက်နေ့ ညနေ ငါးနာရီအထိ ထိုင်းအစိုးရ ရှေ့နေများက အယူခံ တရားရုံးသို့ တင်ပြခြင်း မရှိခဲ့ကြောင်း ၎င်းက ဆိုသည်။ သို့သော်လည်း တရားရုံးရှိ  ဌာန တစ်ခုခုသို့ တင်ပြခြင်း ရှိ မရှိကိုမူ မသိရသေးကြောင်း မြန်မာသံရုံး စုံစမ်းရေး အဖွဲ့မှ ဥပဒေအကြံပေး ဦးအောင်မျိုးသန့်က ပြောကြားသည်။

မြန်မာ နှစ်ဦးဘက်မှ အယူခံဝင်လျှောက်လဲချက်များနှင့် အောက်တရားရုံးက အမိန့် ချမှတ်မှုများကို သုံးသပ်ကာ အယူခံတရားရုံးက အမိန့် ချမှတ်ရမည်ဖြစ်ကြောင်း ဦးအောင်မျိုးသန့်က ပြောဆိုသည်။

အယူခံ လျှောက်လဲချက်နှင့် ပတ်သက် ၍ ၂ဝ၁၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် အမိန့်ချ မှတ်ဖွယ်ရှိကြောင်း ၎င်းကဆိုသည်။

ထိုင်းအစိုးရ ရှေ့နေက အယူခံ လျှောက်လဲချက် မတင်ခဲ့သော်လည်း မြန်မာ နှစ်ဦးဘက်က တင်ထားသည့် အယူခံ လျှောက်လဲချက်အပေါ် ချေပချက်တင်ထားကြောင်း ယင်းအမှုတွင်  လိုက်ပါ ဆောင်ရွက်နေသည့် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက်မှ ဥက္ကဋ္ဌ ဦးစိန်ဌေးက  ပြောကြားသည်။

“ဘာပဲဖြစ်ဖြစ် အယူခံလွှာများနဲ့  အောက်ရုံးမှာတုန်းက ပေးထားတဲ့ လျှောက်လဲချက်တွေ၊ သက်သေ အထောက်အထားတွေကို (နိုဝင်ဘာလ ၁၁ ရက်) က စပြီး အယူခံ တရားရုံးက စစ်ဆေးပါတော့မယ်။  စစ်ဆေးပြီးရင် အယူခံရုံးရဲ့ စီရင်ချက်ချမယ့်နေ့ကို သတ်မှတ်ပြီး စီရင်ချက် ဖတ်ကြားပါလိမ့်မယ်”ဟု ဆိုသည်။

လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ သေဒဏ် ချမှတ်ခံရသည့် မြန်မာ နှစ်ဦးအတွက် ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့တွင် စာမျက်နှာ နှစ်ရာနီးပါးရှိသည့် အယူခံ လျှောက်လဲချက်ကို မြန်မာနှစ်ဦး၏ အကျိုးဆောင် ရှေ့နေများက အယူခံဝင်ခဲ့ရာ တရားရုံးက  လက်ခံခဲ့သည်။
 
လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ မြန်မာ နှစ်ဦးကို ပြစ်မှုပုဒ်မ ခုနစ်ခုဖြင့် တရားစွဲဆိုကာ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ ရက်နေ့ က ကော့စမွေ အခြေခံ တရားရုံးက သေဒဏ် အမိန့်ချခဲ့သည်။ အဆိုပါ အမှုကို ရုံးတင် စစ်ဆေးရာတွင် နှစ်ဖက်သက်သေ ၄၃ ဦးတို့ ၂၁ ရက်ကြာ အပြန်အလှန် ထွက်ဆိုခဲ့ကြပြီး စာရွက်စာတမ်းများ အပါအဝင်  အထောက်အထား များစွာ တင်ပြခဲ့ကြသည်။



FOLLOW US