News

POST TAGGED AS

လားရှိုး

လားရှိုးရိုးမဘဏ် ချိန်ကိုက်ဗုံးပေါက်ကွဲမှုကြောင့် နယ်ဘဏ်ခွဲများ လုံခြုံရေးတိုးမြှင့်ရန်ညွှန်ကြား

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

လားရှိုးမြို့ပေါ်ရှိ ရိုးမဘဏ်တွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် နယ်ဒေသများရှိ ဘဏ်ခွဲများကို လုံခြုံရေးတိုးမြှင့်လုပ်ဆောင်ရန် ဘဏ်ရုံးချုပ်များက ညွှန်ကြားထားကြောင်း ပုဂ္ဂလိကဘဏ်အချို့ထံမှ စုံစမ်းသိရှိရသည်။

ယင်းဖြစ်စဉ်ကြောင့် ရိုးမဘဏ်က လားရှိုးမြို့ရှိ ဘဏ်ခွဲနှစ်ခုစလုံးကို ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားမည်ဟု ကြေညာထားကြောင်း၊ ထို့အတူ ဧရာဝတီဘဏ်ကလည်း ထိခိုက်ပျက်စီးခဲ့သော ဘဏ်ခွဲကို ပြန်လည်ပြင်ဆင်ရန်အတွက် ယာယီပိတ်ထားမည်ဖြစ်ပြီး ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှုများကို လားရှိုးမြို့ရှိ နောက်ထပ်ဘဏ်ခွဲတစ်ခု၌ ပုံမှန်အတိုင်း ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း အဆိုပါဘဏ်များထံမှ သိရသည်။

“ပျက်စီးထိခိုက်မှုရှိခဲ့တဲ့ ဘဏ်ခွဲကိုတော့ ပြင်ဆင်ချိန်ပြီးတဲ့အချိန်ထိ ခဏပိတ်ထားမှာပါ။ တခြားဘဏ်ခွဲတွေရဲ့ လုံခြုံရေးဆိုင်ရာပိုင်းကိုတော့ ပုံမှန်လုပ်နေတဲ့ လုပ်ငန်းစဉ်အတိုင်းကိုပဲ ထပ်ပြီး တိုးမြှင့်လုပ်ဆောင်နေပါတယ်”ဟု ဧရာဝတီဘဏ်မှ တာဝန်ရှိတစ်ဦးက ပြောကြားသည်။

လားရှိုးမြို့ပေါ်ရှိ ပြည်တွင်းဘဏ်များဖြစ်သော ကမ္ဘောဇဘဏ်၊ သမဝါယမဘဏ် အပါအဝင် အခြားဘဏ်များ ဘဏ်ခွဲများအနေနှင့် ပုံမှန်အတိုင်း ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများကို လုပ်ဆောင်လျက်ရှိပြီး လုံခြုံရေးဆိုင်ရာများကိုလည်း တိုးမြှင့်လုပ်ဆောင်နေကြောင်း အဆိုပါဘဏ်များထံမှ စုံစမ်းသိရှိရသည်။

“ကျွန်တော်တို့ ဘဏ်ခွဲတွေက ပုံမှန်အတိုင်း ဖွင့်လှစ်ထားပါတယ်။ လုံခြုံရေးပိုင်းဆိုင်ရာတွေကို ပုံမှန်ထက် ပိုဂရုတစိုက် လုပ်ဆောင်နေပါတယ်”ဟု လားရှိုးမြို့ပေါ်ရှိ ပုဂ္ဂလိကဘဏ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေပိုင်းတွင် လားရှိုးမြို့ပေါ်ရှိ ရိုးမဘဏ်ခွဲ (၁) တွင် ချိန်ကိုက်ဗုံးပေါက်ကွဲမှုကြောင့် ရိုးမဘဏ်မှ အမျိုးသမီးဝန်ထမ်းနှစ်ဦးနှင့် လူ ၃၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး ရိုးမဘဏ်နှင့်ကပ်လျက် ဧရာဝတီဘဏ်နှင့် လမ်းတစ်ဖက်ခြမ်းရှိ ပြည်နယ်ကျန်းမာရေးရုံး မျက်နှာစာရှိမှန်များ ပျက်စီးခဲ့သည်။

J-01



FOLLOW US