News

POST TAGGED AS

လယ်ယာ

ဟုမ္မလင်း တောင်သူ ၁၀ဝ ကျော်ကို လယ်ယာ အခမဲ့ပေး

ကလေး၊ မေ ၂၄  

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်း နေထိုင်ကြသည့် လယ်မဲ့ ယာမဲ့ တောင်သူဦးရေ ၁၀ဝ ကျော်အတွက် လယ်ဧက ၃၀၅ ဧကကို အခမဲ့ ပေးအပ်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံက ပြောကြားသည်။ 

လယ်ယာမဲ့များအတွက် လယ်ဧက အခမဲ့ပေးအပ်ခြင်း အခမ်းအနားကို ဟုမ္မလင်းမြို့ ပင်းမဟော်ကျေးရွာတွင် မေလ ၂၄ ရက်က ကျင်းပခဲ့ပြီး လယ်ယာမဲ့တစ်ဦးလျှင် လယ် သုံးဧက ပေးအပ်ခဲ့ကြောင်း၊ လယ်ယာမြေများ အနီးရှိ ကျေးရွာများတွင် နေထိုင်သော လယ်ယာမဲ့ တောင်သူများကို ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်များဖြင့် ပေးအပ်ခဲ့ကြောင်း၊ ယင်းလယ်ယာမြေများကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ စတင် ဖော်ထုတ်ခဲ့ပြီး ဟုမ္မလင်းမြို့ ခေါင်ခမ်းအင်း ညောင်ကုန်း ကျေးရွာအုပ်စုရှိ မြေလွတ်မြေရိုင်းကို လယ်ဧကများအဖြစ် ဖော်ထုတ်ကာပေးအပ်ခဲ့ကြောင်း ၎င်းက ပြောဆိုသည်။ 

“လက်မှု လယ်ယာကနေ စက်မှု လယ်ယာကို ကူးပြောင်းတဲ့အချိန်မှာ အဓိက လိုအပ်တဲ့ အရာတစ်ခုဖြစ်နေလို့ အဲ့ဒီဟာကို စပြီးတော့ ထူထောင်ပေးတဲ့ သဘောပါ”ဟု ၎င်းက ရှင်းပြသည်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရက မြေလွတ်မြေရိုင်းများကို လယ်ယာမြေများအဖြစ် ဖော်ဆောင်ပြီး မြေယာမဲ့များကို ပေးအပ်ရန်အတွက် ၉၇၅ ဧက လျာထားကြောင်း၊  ၂၀၁၇ ခုနှစ် မေလ ၂၄ ရက်တွင် ကသာမြို့နယ်အတွက် လယ်ဧက ၂၀ဝကို ဖော်ထုတ်ပေးခဲ့ကြောင်း၊ ဖောင်းပြင်မြို့နယ်အတွက် လယ်ဧက ၂၀ဝ ပေးအပ်ခဲ့ကြောင်း၊ ဟုမ္မလင်းမြို့နယ်အတွက် ရေဦးမြို့နယ်အတွင်း ဧက ၂၀ဝ ကျော် ဖော်ထုတ်ပေးနေပြီး မိုးရာသီမတိုင်မီ အပြီး ပေးအပ်နိုင်ရန် ဆောင်ရွက်နေကြောင်း၊ စက်မှုလယ်ယာမှ လယ်ယာမြေ ဖော်ထုတ်ပေးသည်မှာ ဧက ၅၀ဝ ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ်အတွက် ဧက ၁၀ဝ၊ ကသာမြို့နယ်အတွက် ဧက ၁၀ဝ၊ ကန့်ဘလူမြို့နယ်အတွက် ဧက ၂၀ဝ နှင့် ပုလဲမြို့နယ်အတွက် ဧက ၁၀ဝ ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

R-20



FOLLOW US