News

POST TAGGED AS

လယ်ယာ

11-Sep-2018

အမေရိကန်
အမေရိကန်ကို ICC က တရားစွဲလျှင် တန်ပြန်ပိတ်ဆို့ပစ်မည်ဟု အမေရိကန်သတိပေးချက် ထွက်ပေါ်


ဝါရှင်တန်ဒီစီ၊ စက်တင်ဘာ ၁၀

အာဖဂန်နစ္စတန်တွင် အမေရိကန်တပ်များ၏ ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများနှင့်ပတ်သက်၍ ICC ဥပဒေအရာရှိများက စုံစမ်းစစ်ဆေးစွဲချက်တင်လာလျှင် အဆိုပါ နိုင်ငံတကာရာဇဝတ်ခုံရုံးကို ပိတ်ဆို့အရေးယူနိုင်သည်အထိ တင်းမာသော ရပ်တည်ချက်တစ်ရပ်ကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့် အစိုးရက စီစဉ်လျက်ရှိကြောင်း အစိုးရထိပ်သီးအရာရှိကြီး ပြောကြားမည့်မိန့်ခွန်းကို ကြိုတင်ကိုးကားကာ Reuters  သတင်းတစ်ရပ်က ဖော်ပြထားသည်။

Reuters သတင်းဌာနက အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘော်တန်ပြောကြားမည့် မိန့်ခွန်းစာသားကို စုံစမ်းကြည့်ရှုခဲ့ပြီးနောက် အမေရိကန်၏ အဆိုပါရပ်တည်ချက်ကို ဖော်ထုတ်ရေးသားခဲ့ခြင်းဖြစ်သည်။

အဆိုပါမိန့်ခွန်းသည် သမ္မတထရမ့်အစိုးရတွင် နိုင်ငံတော်လုံခြုံရေးအကြံပေးအဖြစ် တာဝန်ယူပြီးနောက် ဂျွန်ဘော်တန်၏ ပထမဆုံးပြောမည့် မိန့်ခွန်းလည်း ဖြစ်သည်။ 

“ဒီလို တရားဥပဒေအရ အရာမဝင်တဲ့ တရားရုံးကနေ ကျွန်တော်တို့ နိုင်ငံသားတွေနဲ့ ကျွန်တော်တို့မဟာမိတ်တွေကို တရားမမျှတစွာ တရားစွဲဆိုအရေးယူခြင်းကိုကာကွယ်ဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဘာမဆို လုပ်မှာဖြစ်ပါတယ်” ဟု အဆိုပါ မပြောရသေးသည့်မိန့်ခွန်းတွင်ပါဝင်ကြောင်း Reuters က ရေးသားထားသည်။ 

အာဖဂန်စစ်ပွဲအတွင်းက အမေရိကန်စစ်သားများနှင့် ထောက်လှမ်းရေးများ လုပ်ငန်းဆောင်ရွက်ခဲ့ပုံများကို တရားဝင်စုံစမ်းစစ်ဆေးရန် နယ်သာလန်နိုင်ငံသည် ဟိတ်မြို့အခြေစိုက် နိုင်ငံတကာရာဇဝတ်ခုံရုံး ICC က ဆောင်ရွက်လာပါက ထရမ့်အစိုးရက ပြန်လည်တုံ့ပြန်သွားမည်ဟု အမျိုးသားလုံခြုံရေးအကြံပေး ဘော်တန်က ပြောကြားခဲ့သည်။ 

“ICC နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ မဟုတ်ပါဘူး” ဟု အဆိုပါမိန့်ခွန်းစာသားများထဲတွင် ပါဝင်သည်။ 

အကယ်၍ အမေရိကန်စစ်သားများ ဆောင်ရွက်ခဲ့သည့်ကိစ္စကို ဆက်လက်စစ်ဆေးစုံစမ်းမည်ဆိုပါက ထရမ့်အစိုးရသည် ICC ၏ ဥပဒေအရာရှိများ၊ တရားသူကြီးများကို အမေရိကန်ဘက်မှ ပိတ်ပင်မည်ဖြစ်ကာ အမေရိကန်အခြေစိုက်ပေးအပ်သော ရန်ပုံငွေများကိုလည်း ရပ်ဆိုင်းမည်ဟု ဘော်တန်၏ မိန့်ခွန်းတွင် ပါဝင်ထားသည်ဟု Reuters က သတင်းရေးထားသည်။ 

အမေရိကန်များကို ICC သို့ ဖမ်းဆီးပို့ဆောင်ခြင်းများကို အခြားနိုင်ငံများက မလုပ်ဆောင်နိုင်ရန်အတွက် နိုင်ငံများနှင့် သဘောတူညီချက်များ ဆောင်ရွက်မည်ဟု ၎င်းက အဆိုပါမိန့်ခွန်းစာသားတွင် ထည့်သွင်းထားသည်။ 

မူးယစ်ဆေးဝါးဂိုဏ်းသားများကို ကြေညာတိုက်ခိုက်နေသည့် စစ်ပွဲကိစ္စ စုံစမ်းလေ့လာသည့် ဥပဒေအရာရှိများကို ဖမ်းပစ်မည်ဟု ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးကလည်း ပြီးခဲ့သည့် ဧပြီလက ပြောကြားခဲ့ဖူးသည်။

ယခုလက်ရှိအချိန်တွင် နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC သည် မြန်မာ့တပ်မတော်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မွတ်ဆလင်အသိုင်းအဝိုင်း (၎င်းတို့ကိုယ်၎င်းတို့အခေါ် ရိုဟင်ဂျာ၊ ပြည်တွင်းမှ အများစုအခေါ် ဘင်္ဂါလီ) အပေါ် လူမျိုးတုံးသတ်ဖြတ်ခြင်းများ ပြုခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် စုံစမ်းစစ်ဆေးရေးလုပ်ငန်းစဉ်များ ပြင်ဆင်နေသည်။

F-01



FOLLOW US