News

POST TAGGED AS

လယ်ယာ

ဗန်းမော်-မန္တလေး (အထူးအမြန်) ရေကြောင်းခရီးစဉ် ယနေ့စဆွဲမည်


ဗန်းမော်၊ ဇူလိုင် ၁၈ 

ဗန်းမော်-မန္တလေး-ဗန်းမော် အထူးအမြန်ရေကြောင်းခရီးစဉ်ကို ယနေ့ (ဇူလိုင် ၁၉ ရက်) အာဇာနည်နေ့မှ စတင်ကာ မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ နံနက် ၆ နာရီတွင် ပြေးဆွဲမည်ဖြစ်ကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဧရာဝတီဌာနခွဲ (မန္တလေးရုံး) ထံမှသိရသည်။

စတင်ပြေးဆွဲမည့် ပြည်ကြီးတံခွန် ၄ ရေယာဉ်သည် မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်း မှ ဗန်းမော်သို့ အပတ်စဉ် ကြာသပတေးနေ့ နံနက် ၆ နာရီမှ စတင်ထွက်ခွာမည်ဖြစ်ပြီး ဗန်းမော်မြို့ ဆိပ်ကမ်းမှ မန္တလေးသို့ အပတ်စဉ် တနင်္လာနေ့ နံနက် ၇ နာရီတွင် ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း ယင်းရုံးထံမှသိရသည်။ 

အဆိုပါ ရေကြောင်းခရီးစဉ်ကို ခရီးသွားပြည်သူများ သက်သောင့်သက်သာ သွားလာနိုင်ရေး၊ အစိုးရဌာနဆိုင်ရာများနှင့် တပ်မတော်သားရိက္ခာ၊ တပ်မတော်သားခရီးသွားများ၊ ကျန်းမာရေးချို့တဲ့သူများ၊ ဆေးကုသနေရသူ လူမမာများ၊ ကားလေယာဉ်စီးပြီး အော့အန်တတ်သူများ၊ မိသားစုအဖွဲ့လိုက်ဘုရားဖူးသူများ အဆင်ပြေစေရန် ပြန်လည်ပြေးဆွဲရခြင်းဖြစ်ကြောင်း ဗန်းမော်မြို့ ပြည်တွင်းရေကြောင်း ဌာနရုံးမန်နေဂျာ ဦးတင့်လွင်ကပြောသည်။ 

ယင်းခရီးစဉ်မှာ ယခင်က ပြေးဆွဲခဲ့ဖူးသော်လည်း ၂၀၀၆ ခုနှစ် နိုဝင်ဘာလတွင် ရေကြောင်းသင်္ဘောများကို ပြန်လည်မွမ်းမံပြင်ဆင်ရန်အတွက်ဟုဆိုကာ ခရီးစဉ်ရပ်နားထားခဲ့ပြီး ယခု ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၉ ရက်တွင် ပြန်လည်ပြေးဆွဲခြင်းဖြစ်သည်။ 

မန္တလေးမှအဆန်ခရီးစဉ်တွင် ကျောက်မြောင်း၊ တကောင်း၊ ထီးချိုင့်၊ ကသာ၊ မိုးတား၊ ရွှေကူဆိပ်ကမ်းတို့တွင် ဆိုက်ကပ်ရပ်နားမည်ဖြစ်ပြီး ဗန်းမော်-မန္တလေးကို၂၇၅ မိုင်ခရီးရှိကာ ဗန်းမော်-မန္တလေး အစုန်ခရီးကို တစ်ညအိပ် ၂ ရက်ဖြင့်လည်းကောင်း၊ အဆန်ခရီးကို နှစ်ညအိပ် ၃ ရက်ခရီးဖြင့် ခုတ်မောင်းမည်ဟု ၎င်းထံမှသိရသည်။ 

အစုန်/အဆန် ခရီးတွင် ခရီးသည်လက်မှတ်ကို ရိုးရိုးတန်းတွင် တစ်ဦးလျှင် ၄၇၀၀ ကျပ် ၊ အထူးတန်းတွင် တစ်ဦးလျှင် ၁၄၉၀၀ ကျပ်ဖြင့် မှတ်ပုံတင် ၊ မှတ်ပုံတင်မရှိပါက ရပ်/ကျေး သို့မဟုတ် လဝကဌာန တို့၏ခရီးသွားထောက်ခံစာဖြင့် ဝယ်ယူနိုင်ပါကြောင်း ဗန်းမော်မြို့ ပြည်တွင်းရေကြောင်းဌာနရုံးထံမှ သိရသည်။ 

“ဟိုးအရင်က စစ်ကိုင်းတောင် ဘုရားဖူးကို မိသားစုအဖွဲ့တွေ သင်္ဘောနဲ့ပဲ သွားကြပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တယ်၊ လေကောင်းလေသန့်ရတယ်၊ မြစ်ကမ်း တောတန်းရှုခင်းတွေကိုလည်း ခံစားလို့ရပါတယ်။ ခုလိုပြန်ပြေးဆွဲပေးမယ်ဆိုတာသိရလို့ ကြိုဆိုပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။ 

R-14




FOLLOW US