News

POST TAGGED AS

လယ်ယာ

16-May-2018

ကလေး လယ်ယာ
ကလေးတွင် တပ်သိမ်းလယ်မြေပြန်ပေးမည့်အခမ်းအနား ဖျက်သိမ်း
ကလေး၊ မေ ၁၅ 

စစ်ကိုင်းတိုင်း၊ ကလေးမြို့၌ တပ်သိမ်းလယ်ယာမြေများကို ပိုင်ရှင်များထံ ပြန်လည်ပေးအပ်ရန် စီစဉ်ထားသော်လည်း မြေလက်ခံယူမည့်သူများသည် မူလပိုင်ရှင်များမဟုတ်သည်ကို စစ်ဆေးတွေ့ရှိရသဖြင့် လယ်ယာမြေပြန်ပေးမည့် အခမ်းအနားကိုဖျက်သိမ်းလိုက်ကြောင်း ကလေးမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီး (ခ) ဒေါ်အေးအေးမူက ပြောကြားသည်။

နိုင်ငံတော်ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူသည် ချင်းပြည်နယ်ခရီးစဉ်အတွင်း ကလေးမြို့သို့ မေလ ၁၆ ရက်နေ့၌ လာရောက်ကာ အဆိုပါအခမ်းအနားတွင် မြေယာပြန်ပေးရန် စီစဉ်ထားခြင်းဖြစ်ပြီး ယခုအခါအဆိုပါအခမ်းအနားမှာ ပျက်သွားခဲ့ခြင်းဖြစ်သည်။

အမှတ် (၃၆၂) ခြေမြန်တပ်ရင်းမှ စွန့်လွှတ်ထားသည့် မြေဧကများအနက် ကြက်ဖိနပ်ကျေးရွာအုပ်စုနှင့် ကံကြီး ကျေးရွာအုပ်စုအတွင်းရှိ မြေယာဧက ၁၅၂ ဒသမ ၉၅ ဧကကို ကလေးမြို့ မြို့တော်ခန်းမတွင် မြေယာပိုင်ရှင်များဟူ၍ သမ္မတရုံးထံ စာတင်ပြထားသည့် တောင်သူ ၂၆ ဦးကို မြေယာပေးအပ်ရန် စီစဉ်ခဲ့သော်လည်း အဆိုပါလူများ၏ အမည်စာရင်းများကို ကလေးခရိုင်လယ်ယာမြေနှင့် အခြားမြေများ ပြန်လည်စိစစ်ရေးကော်မတီမှ ကွင်းဆင်းစိစစ်ရာ တိုင်းရုံးသို့ တင်ပြထားသည့် မူလပိုင်ရှင်များမဟုတ်သဖြင့် မြေယာပေးအပ်မည့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ရခြင်းဖြစ်ကြောင်း ဒေါ်ရှားမီး (ခ) ဒေါ်အေးအေးမူက ပြောဆိုသည်။

အမှတ် (၃၆၂) ခြေမြန်တပ်ရင်းပိုင်မြေထဲတွင် ကျူးကျော်လုပ်ကိုင်နေသည့် စာရင်းကို ကောက်ခံခဲ့ရာ ၂၆ ဦးသည် ကျူးကျော်လုပ်ကိုင်နေသည့် စာရင်းထွက်လာကြောင်း၊ ၎င်းတို့အမှန်တကယ်လုပ်ကိုင်ခဲ့သည့် စာရင်းမဟုတ်ဘဲ ယင်းစာရင်း တင်ပြမှုတွင်လည်း မြို့နယ်ခရိုင်ရှိ တာဝန်ရှိသူများက တရားဝင်တင်ပြသည့်စာရင်း မဟုတ်ကြောင်း ကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးညီညီက ပြောကြားသည်။

ထို့ပြင် ၎င်းတို့ ၂၆ ဦးအပြင် တပ်မြေအဖြစ်မသိမ်းမီ ယခင်လုပ်ကိုင်ခဲ့သူများ၏ စာရင်းအမှုတွဲများလည်းရှိခြင်းကြောင့် အဆိုပါစာရင်းများကို ပြန်လည်စိစစ်ပြီးမှ လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း၊ မြေယာများ ပေးအပ်ရာတွင် မှန်မှန်ကန်ကန်ဖြင့် မူလပိုင်ရှင် တောင်သူလက်ဝယ်ရောက်ရှိရေးအတွက် ကျေးရွာမြေစစ်၊ မြို့နယ်မြေစစ်၊ ခရိုင်မြေစစ်၊ တိုင်းမြေစစ်၊ ဗဟိုမြေစစ် ကော်မတီအဆင့်ဆင့်ထံတင်ပြပြီး ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

R-20



FOLLOW US