POST TAGGED AS

လယ်ယာကဏ္ဍ

29-Aug-2018

လယ်ယာကဏ္ဍ
လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီများ၏ အဂတိမကင်းသည့် လုပ်ဆောင်ချက်ကို ထိန်းညှိပေးရေးအဆို အတည်ပြု
နေပြည်တော်၊ ဩဂုတ် ၂၉

စီမံခန့်ခွဲမှုကော်မတီ၊ စည်ပင်သာယာရေး ကော်မတီနှင့် လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီ (ကော်သုံးကော်) အဆင့်ဆင့်တို့၏ အဂတိမကင်းသည့် လုပ်ဆောင်ချက်များကို ထိရောက်စွာ ထိန်းညှိပေးမည့် အစီအမံတစ်ခုကို အလျင်အမြန်ရေးဆွဲပြဋ္ဌာန်း အကောင်အထည်ဖော်ပေးပါရန် အစိုးရအား တိုက်တွန်းသည့်အဆိုကို ယနေ့ (ဩဂုတ်၂၉) ကျင်းပသော အမျိုးသား လွှတ်တော်အစည်းအဝေးတွင် ကန့်ကွက်သူမရှိ အတည်ပြုလိုက်သည်။

လယ်ယာဥယျာဉ်ခြံမြေများကို စည်းကမ်းမဲ့စွာ အကွက်ဖော် ရောင်းစားနေကြခြင်းတို့ကြောင့် စိုက်ပျိုးမြေများ အလျင်အမြန် လျော့နည်းလာခြင်း၊ မြို့ပေါ်နှင့် ကျေးရွာများတွင် နောင်တစ်ချိန် လိုအပ်လာပါက အသုံးပြုနိုင်ရန် ချန်လှပ်ထားသော မြေလွတ်များ ပျောက်ဆုံးကုန်ခြင်း စသည်တို့နှင့် အဓိက သက်ဆိုင်သော (ကော်သုံးကော်) ၏ အဂတိမကင်းသည့် လုပ်ဆောင်ချက်များအား ထိရောက်စွာ ထိန်းညှိပေးရေးအဆိုကို မွန်ပြည်နယ် မဲဆန္ဒနယ်မှ ဦးမျိုးဝင်းက ဩဂုတ်လ ၆ ရက်နေ့တွင် တင်သွင်းထားခြင်းဖြစ်ပြီး ဩဂုတ် ၁၄ ရက်မှစ၍ စတင်ဆွေးနွေးခဲ့ကာ ယနေ့ ကျင်းပသည့် အစည်းအဝေးတွင် ကိုယ်စားလှယ်စုစုပေါင်း ၂၀ ကျော်က ထောက်ခံ၊ အကြံပြုဆွေးနွေးခဲ့ပြီးနောက် အထက်ပါအတိုင်း အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ယင်းအဆိုတွင် ပါဝင်ပြီးဖြစ်သော စိုက်ပျိုးမြေများ မလျော့ကျစေရေးနှင့် မြေလွတ်များ မဆုံးရှုံးစေရေးကို စနစ်တကျ စိစစ်ပြီး အဂတိကင်းကင်း ဆောင်ရွက်ရန် အမှန်တကယ် လိုအပ်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးလှကျော်က ပြောသည်။

“လယ်ယာ၊ ဥယျာဉ်ခြံမြေတွေ၊ မြို့နဲ့ ကျေးရွာတွေမှာရှိတဲ့ မြေလွတ်တွေမှာ အိမ်ရာကွက်တွေ ဖော်ထုတ်ဆောင်ရွက်နေတာတွေကို အမှန်တကယ်လိုအပ်တဲ့ အတိုင်းအတာကိုပဲ ခွင့်ပြုပြီး စိုက်ပျိုးမြေတွေ မလျော့ပါးရေးနဲ့ နောင်တစ်ချိန် အသုံးပြုဖို့ လိုအပ်လာမယ့် မြေလွတ်တွေ ဆုံးရှုံးမှု မရှိစေရေးအတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စနစ်တကျစိစစ်ပြီး အဂတိတရားကင်းရှင်းစွာနဲ့ စီမံဆောင်ရွက်သွားဖို့ အမှန်တကယ် လိုအပ်နေပါတယ်”ဟု ၎င်းကဆိုသည်။

ယင်းအပြင် အကောင်အထည် ဖော်ဆောင်ရွက်မည့် အစီအစဉ်များကို ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အစည်း အဝေးတွင်တင်ပြ၍ ရရှိသည့်အချက်များ အပေါ်အခြေခံကာ ဆောင်ရွက်မည့်စနစ်၊ အကောင်အထည်ဖော်နိုင်မည့် ယန္တရားတစ်ရပ် ဖော်ထုတ်နိုင်ဖို့ အစိုးရအဖွဲ့ထံ တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးလှကျော်က ထပ်လောင်း ပြောကြားခဲ့သည်။

ယင်းအဆိုကို မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၁၇၇ မဲ၊ ကြားနေ ၂ မဲ နှင့် ကန့်ကွက်သူမရှိသဖြင့် အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကြေညာခဲ့သည်။

S-01



FOLLOW US