News

POST TAGGED AS

လယ်ယာကဏ္ဍ

လယ်ယာကဏ္ဍ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရာနှုန်းပြည့် စတင်ခွင့်ပြု
ရန်ကုန်၊ ဇူလိုင် ၃၁

ဩဂုတ်လ ၁ ရက်နေ့တွင် အသက်ဝင်မည့် အသစ်ပြန်လည်ရေးဆွဲထားသော မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေသစ်တွင် လယ်ယာစိုက်ပျိုးလုပ်ငန်းများ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ရာခိုင်နှုန်းပြည့် ခွင့်ပြုထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောကြားသည်။

ယခင်ဘဏ္ဍာနှစ်က လယ်ယာကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏအားလုံး၏ သုံးရာခိုင်နှုန်းခန့်သာ ရှိသည့်အတွက် ဥပဒေသစ်၌ ယင်းကဲ့သို့ ပြင်ဆင်ခြင်းဖြစ်ကြောင်း ယင်းဌာနထံမှသိရသည်။

လယ်ယာကဏ္ဍသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အနည်းဆုံးဝင်ရောက်သည့် ကဏ္ဍတစ်ခုဖြစ်ပြီး ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၅၇၁၈ သန်းကျော်ရှိကာ လယ်ယာကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၁၃၄ သန်းကျော်သာရှိကြောင်း ယင်းဌာန၏ စာရင်းများအရ သိရသည်။

ယခင်ဥပဒေအဟောင်းတွင် ပြည်တွင်းစိုက်ပျိုးရေးလုပ်ငန်းများကို အကာအကွယ်ပေးနိုင်ရန်အတွက် လယ်ယာကဏ္ဍတွင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုကို ၄၉ ရာခိုင်နှုန်းအထိသာ ဖက်စပ်လုပ်ငန်းများ ပါဝင်ခွင့်ပြုထားကြောင်း၊ ယခုအခါ လယ်ယာကဏ္ဍ၏ အချို့လုပ်ငန်းများတွင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုကို ၈၀ ရာခိုင်နှုန်းအထိ ခွင့်ပြုပေးထားပြီး မျိုးစေ့ထုတ်လုပ်ခြင်းကဲ့သို့ လုပ်ငန်းများတွင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုကို ၁၀၀ ရာခိုင်နှုန်း ခွင့်ပြုပေးထားကြောင်း ဦးသန်းအောင်ကျော်က ပြောဆိုသည်။

“လယ်ယာကဏ္ဍမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ထင်သလောက်မတိုးဘူးဆိုတာက ကျွန်တော်တို့နိုင်ငံမှာက သီးနှံအာမခံစနစ်တွေ၊ မြေယာဆိုင်ရာ မူဝါဒတွေမှာက လိုအပ်ချက်တွေရှိနေသေးတယ်”ဟု ၎င်းက ဆိုသည်။ 

လက်ရှိအချိန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများက လယ်ယာကဏ္ဍ၌ မျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ ကြံစိုက်ပျိုးရေးလုပ်ငန်းများ၊ ဆန်စက်လုပ်ငန်းများကို ပြည်တွင်းကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်ပြီး စိုက်ပျိုးရေးလုပ်ငန်းများတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ 

“ဒီလိုမျိုးလုပ်တာ ကောင်းပါတယ်။ တခြားနိုင်ငံတွေမှာဆိုရင် ဒီလိုကဏ္ဍတွေမှာ ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးထားတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း တန်ဖိုးမြှင့်ထုတ်ကုန်တွေကို ပို့ကုန်ပြန်ပို့နေတာကို လုပ်သာကိုင်သာရှိအောင် လုပ်ပေးရင် ဒီကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုက တက်လာမှာပါ”ဟု ဆန်ထုတ်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် လယ်ယာကဏ္ဍ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေနှင့် အမေရိကန်ဒေါ်လာ ၁၃၄ သန်းကျော် ဝင်ရောက်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဧပြီလမှ ဇွန်လအထိ၌ အမေရိကန်ဒေါ်လာ ငါးသန်းကျော်သာ ဝင်ရောက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏စာရင်းများအရ သိရသည်။

J-01



FOLLOW US