News

POST TAGGED AS

လယ်ယာကဏ္ဍ

လယ်ယာဝန်ဆောင်မှု လုပ်ငန်းများ ပူးပေါင်း လုပ်ကိုင်ရန် ရင်းနှီးမြှုပ်နှံလိုသူများကို ဖိတ်ခေါ်
ရန်ကုန်၊ နိုဝင်ဘာ ၉

မြန်မာနိုင်ငံအတွင်း စိုက်ပျိုးဧရိယာ များပြားလာပြီး လယ်ယာသုံး စက်ကိရိယာ လိုအပ်ချက် မြင့်မားလာသည့်အတွက် အစိုးရနှင့် လယ်ယာဝန်ဆောင်မှု လုပ်ငန်းများ ပူးပေါင်း လုပ်ကိုင်ရန် ပုဂ္ဂလိက ကဏ္ဍမှ ရင်းနှီးမြှုပ်နှံလိုသူများကို နိုဝင်ဘာလ ပထမပတ်က စတင် ဖိတ်ခေါ်ထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနထံမှ သိရသည်။ 

ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံလိုသူများသည် မိမိ ရင်းနှီးမြှုပ်နှံလိုသည့် စက်ကိရိယာများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ စက်မှုလယ်ယာ ဦးစီးဌာနမှ ကျွမ်းကျင် စက်မောင်း၊ စက်ပြင်များနှင့်ပူးပေါင်း၍ တောင်သူ လယ်သမားများ အသုံးပြုလိုသည့် လယ်ယာသုံး စက်ကိရိယာများကို ရင်းနှီးမြှုပ်နှံကာ ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

“မျိုးစေ့က တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျွန်တော်တို့အစိုးရကပဲ တာဝန်ယူနေရတဲ့အတွက် လယ်သမား အပါအဝင် ပဲမျိုးစုံတို့၊ ဆီထွက်သီးနှံတို့ကိုပါ ပေးနိုင်အောင် နောက်ပြီး အခြောက်ခံစက်၊ ထွန်စက်တွေ၊ ရိတ်သိမ်းခြွေလှေ့စက်တွေကို ပုဂ္ဂလိက ကဏ္ဍနဲ့ ပူးပေါင်းဝန်ဆောင်မှု ပေးနိုင်အောင် ဖိတ်ခေါ်တာပါ“ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးလှမြင့်အောင်က ပြောကြားသည်။ 

အဆိုပါ လယ်ယာ ဝန်ဆောင်မှုလုပငန်းများကို ပုဂ္ဂလိက လုပ်ငန်းရှင်များဘက်က ရင်းနှီးမြှုပ်နှံမည့် ငွေကြေးပမာဏနှင့် အစိုးရဘက်က မျိုးစေ့နှင့် နည်းပညာများ ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ပြီး လက်ရှိတွင် လာရောက် လျှောက်ထားသူများရှိသော်လည်း အချက်အလက်၊ အထောက်အထား မပြည့်စုံမှုကြောင့် အချက်အလက် အပြည့်အစုံနှင့် လျှောက်ထားသူ အနည်းငယ်သာ ရှိသေးကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။ 

ရင်းနှီးမြှုပ်နှံလိုသူများသည် မိမိ ရင်းနှီးမြှုပ်နှံမှုအတွက် အကျိုးအမြတ် ရရှိနိုင်မှု၊ ပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ်၊ စက်ကိရိယာနှင့် ငွေကြေးကိုင် တွယ်ထိန်းသိမ်းမှု၊ ပူးပေါင်း စီမံခန့်ခွဲမှု အစီအစဉ် အသေးစိတ်ကို ထပ်မံသိရှိလိုပါက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီး ဌာန၊ ဝ၆၇-၄၃၁ ၂၁၅၊ ဝ၆၇-၄၃၁ ၂၁၈ တို့ထံ ဆက်သွယ် မေးမြန်းနိုင်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

J-11



FOLLOW US