News

POST TAGGED AS

လယ်ယာကဏ္ဍ

23-Aug-2017

လယ်ယာကဏ္ဍ
JICA အစီအစဉ်ဖြင့် တောင်သူများကို သန်း ၅၀ဝ၀ ထုတ်ချေးမည်

မန္တလေး၊ ဩဂုတ် ၂၂

မြန်မာအစိုးရနှင့် ဂျပန်အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA တို့ ပူးပေါင်းစီစဉ်မှုဖြင့် မန္တလေး တိုင်းအတွင်းရှိ တောင်သူများ လယ်ယာသုံး စက်ပစ္စည်းဝယ်ရန် ကျပ်သန်းငါးထောင် ထုတ်ချေးပေးမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် (မန္တလေး တိုင်းဘဏ်ခွဲ) ထံမှ သိရသည်။

မန္တလေးတိုင်းအတွင်းရှိ တောင်သူများ လယ်ယာသုံး စက်ပစ္စည်းများ ဝယ်ယူရာတွင် အထောက်အပံ့ ဖြစ်စေရေးနှင့် တောင်သူများ ကာလရှည် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ချေးငွေများ အလွယ်တကူရရှိစေပြီး လယ်ယာကဏ္ဍကို အခြေခံသော ကုန်ထုတ်လုပ်မှုစွမ်းအား ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျေးလက်နှင့်မြို့ပြ ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကာ  ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ယင်းဘဏ်ခွဲ မန်နေဂျာ ဦးဝင်းမြင့်က ပြောကြားသည်။

“ချေးငွေချထားပေးဖို့ စိစစ်ရာမှာ ဂျပန်နိုင်ငံမှာ ချေးခဲ့တဲ့ပုံစံမျိုးဖြစ်အောင် ကွင်းဆင်းအကဲဖြတ်မယ်။ JICA က သူတို့ကိုယ်တိုင် စိစစ်ဖို့ စီစဉ်ထားတယ်။ မြို့နယ် စိုက်မန်နေဂျာတွေကိုလည်း သင်တန်း ပေးထားတယ်။ စက်တင်ဘာလမှာ ထုတ်ချေးပေးမှာပါ”ဟု ၎င်းက ဆိုသည်။

ချေးငွေရယူလိုသူများ အနေနှင့် မြို့နယ် စိုက်ဘဏ်ခွဲများနှင့် ဆက်သွယ်ရမည်ဖြစ်ပြီး အကဲဖြတ်စီစစ်မှုများ ပြုလုပ်ကာ ချေးငွေ ထုတ်ပေးမည်ဖြစ်ကြောင်း၊ မြေယာပုံစံ (၇) ရှိသူများကိုသာ ချေးငွေ ထုတ်ပေးမည်ဖြစ်၍ ချေးငွေပြန်လည်ပေး ဆပ်နိုင်မှု၊ တောင်သူများ၏ ဝင်ငွေရလမ်း စသည်ဖြင့် စိစစ်အကဲဖြတ်ချက်များအတိုင်း ချေးငွေ ရယူနိုင်မည်ဖြစ်ကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် (မန္တလေး တိုင်းဘဏ်ခွဲ) ထံမှ သိရသည်။

တစ်ဧကမှ ဧက ၅၀ အထိလုပ်ကိုင် သောတောင်သူများကို တစ်ဦးချင်းဖြစ်စေ၊ သုံးဦးမှ ၁၀ ဦးအထိ အစုအဖွဲ့လိုက်ဖြစ်စေ ချေးငွေရယူနိုင်ပြီး တစ်ဦးချင်းအတွက် ကျပ်သန်း ၅၀၊ အစုအဖွဲ့များအတွက် ကျပ်သန်း ၅၀ဝ ထိ ထုတ်ချေးပေးမည်ဖြစ်ကြောင်း၊ အဆိုပါ ချေးငွေများကို လေးနှစ်မှ ငါးနှစ်အတွင်း ပြန်ဆပ်ရမည် ဖြစ်ကာ တောင်သူများအနေနှင့် ၎င်းတို့ စိတ်ကြိုက် လယ်ယာသုံး စက်များ ဝယ်ယူနိုင်ပြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က စက်ပစ္စည်း ရောင်းချပေးသည့် ကုမ္ပဏီသို့ ချက်လက်မှတ်ဖြင့် ငွေပေးချေမည်ဖြစ်ကြောင်း ယင်းဘဏ်ခွဲ မန်နေဂျာ ဦးဝင်းမြင့်က ရှင်းပြသည်။

မြန်မာအစိုးရနှင့် JICA တို့ ပူးပေါင်းမှုဖြင့် ယခုဘဏ္ဍာနှစ်အတွင်း မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်းနှင့် နေပြည်တော်တို့ရှိ တောင်သူများကို မြန်မာငွေ ကျပ် ၁၉၅ ဘီလီယံခန့် ထုတ်ချေးပေးရန် စီစဉ်ထားကြောင်း၊ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တွင် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအထိ ထောက်ပံ့ပေးနိုင်ရန် လျာထားကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ထံမှ သိရသည်။

M-04

  • VIA


FOLLOW US