News

POST TAGGED AS

လမ်း

မူဆယ်- နမ့်ခမ်းလမ်း ငါးရက်ကြာ ယာဉ်ကြောပိတ်ဆို့
လားရှိုး၊ ဩဂုတ် ၁၂ 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်- နမ့်ခမ်းလမ်းတွင် ငါးရက်ကြာယာဉ်ကြောပိတ်ဆို့မှုကြောင့် မော်တော်ယာဉ်အစီးရေ ၂၀၀ ခန့်မှာ လမ်းပေါ်တွင် ပိတ်ဆို့မှုဖြစ်နေကြောင်း ယင်းဒေသခံများထံမှ စုံစမ်းသိရှိရသည်။

“အတက်အဆင်းယာဉ်ပေါင်း ၂၀၀ လောက်လမ်းပေါ်မှာ ပိတ်မိနေတာ။ ဩဂုတ်လ ၆ ရက်နေ့က စဖြစ်တာ ပြီးခဲ့တဲ့လကစပြီး မိုးများလို့ လမ်းတွေပေါက်ပြဲပြီး ပျက်စီးနေခဲ့တယ်။ ကားတွေလည်း ပိတ်လိုက်ပွင့်လိုက်ဖြစ်နေတာ တစ်လကျော်ရှိနေပါပြီ အခုတော့ လမ်းပေါ်ပိတ်နေတာ ငါးရက်ရှိပြီ”ဟု မူဆယ်မြို့ရှိ မော်တော်ယာဉ်လိုင်းပေါင်းစုံစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးမျိုးခိုင်က ပြောဆိုသည်။

ဩဂုတ်လ ၁၂ ရက်နေ့ နံနက်တွင် မူဆယ်-နမ့်ခမ်း လမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံများက လမ်းပေါ်ရှိ ကျင်းများ၊ ချိုင့်များနှင့် ရွှံ့နွံထူထပ်နေသည့် နေရာများကို ပြုပြင်ရန်လုပ်ဆောင်နေကြောင်း၊ ကျင်းများဖြည့်ရန်အတွက် ဗြုန်းများကို မော်တော်ယာဉ်များဖြင့်သယ်ယူ၍ မရနိုင်ခြင်းကြောင့် မော်တော်ဆိုင်ကယ်များဖြင့် သယ်ကာဖို့နေရကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ယင်းအခြေအနေနှင့် ပတ်သက်၍ နမ့်ခမ်းမြို့နယ် စီမံခန့်ခွဲရေးကော်မတီက အဆိုပါလမ်းပိုင်းတွင် ကုန်တင်ယာဉ်များ အတက်တစ်ရက်၊ အဆင်းတစ်ရက်သွားလာကြရန် ညွှန်ကြားစာကို ဩဂုတ်လ ၉ ရက်နေ့ကထုတ်ခဲ့သော်လည်း လက်ရှိအခြေအနေတွင် မည်သည့်ယာဉ်မှ သွားလာမရဖြစ်ကာ ပိတ်ဆို့နေဆဲဖြစ်ကြောင်း ယာဉ်မောင်းများနှင့် ဒေသခံများက ပြောကြားသည်။ 

ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ယာဉ်လိုင်းပေါင်းစုံစည်းကမ်းထိန်းသိမ်းရေးအဖွဲ့၊ ယာဉ်လိုင်းတာဝန်ရှိသူများက ဒေသခံများနှင့် ပူးပေါင်းကာ ယင်းလမ်းပိုင်းတွင် ယာဉ်ကြောရှင်းလင်းရေးကို စတင်လုပ်ဆောင်နေလျက်ရှိသည်။ 

မူဆယ်နှင့် နမ့်ခမ်းအကြားရှိလမ်းမှာ အရှည် ၁၉ မိုင်ရှိပြီး လမ်းအကျယ်မှာ ၁၈ ပေခန့်သာရှိခြင်း၊ နေ့စဉ်ယာဉ်အစီးရေ ၂၀၀ ခန့် ဖြတ်သန်းနေခြင်းဖြစ်ပြီး ပွင့်လင်းရာသီတွင် လမ်းပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆက်လက်လုပ်ဆာင်မည်ဖြစ်ကြောင်း Oriental Highway ကုမ္ပဏီထံမှ သိရသည်။

R-07




FOLLOW US