News

POST TAGGED AS

လမ်း

ကျိုင်းတုံတွင် ကျောင်းထိုင်ဘုန်းကြီးသင်တန်း ဖွင့်
ကျိုင်းတုံ၊ ဇူလိုင် ၃၁

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမှတ် (၁) ရပ်ကွက် စိန်ပန်းကျောင်းတိုက်တွင် ဇူလိုင် ၃၀ ရက်နေ့မှစတင်၍ ပထမဆုံးအဖြစ် ကျောင်းထိုင်ဘုန်းကြီး သင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း အဆိုပါ ကျောင်းဆရာတော် ဘဒ္ဒန္တအဂ္ဂဝံသက မိန့်ကြားသည်။

“ကျောင်းထိုင်အင်္ဂါရပ်တွေနဲ့ ပြည့်စုံဖို့အတွက် သံဃာတွေကို အရင်က ဝါတွင်းကာလတွေမှာ မွမ်းမံသင်တန်းတွေ သင်ကြားဖူးပေမယ့် အခုလို ၂ နှစ် သင်တန်းက ပထမဆုံးအကြိမ် ဖွင့်လှစ်တာပါ။ သင်တန်းပြီးဆုံးရင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ဒီပလိုမာလက်မှတ် ချီးမြှင့်ပေးမှာပါ”ဟု ဆရာတော် ဘဒ္ဒန္တအဂ္ဂဝံသက ထပ်မံမိန့်ဆိုသည်။

၂ နှစ်ကြာဖွင့်လှစ်မည့် အဆိုပါ ကျောင်းထိုင်ဘုန်းကြီးသင်တန်းသို့ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မြို့နယ်များမှ သံဃာတော် ၁၄ ပါးတက်ရောက်ပြီး နေ့စဉ် နံနက် ၇ နာရီခွဲမှ ညနေ ၄ နာရီအထိ ဘာသာရပ် ၁၁ မျိုးကို ကထိကဆရာတော် ရှစ်ပါးနှင့် လူပုဂ္ဂိုလ်တစ်ဦးတို့မှ သင်ကြားပေးမည်ဖြစ်ကြောင်း အဆိုပါဆရာတော်ထံမှ သိရသည်။

ယင်းသင်တန်းတက်ရောက်နေသည့် သင်တန်းသားသံဃာတော်များ ဆွမ်းကွမ်း အဆင်ပြေစေရန်အတွက် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးအပါအဝင် ပြည်နယ်ဒုတိယ အုပ်ချုပ်ရေးမှူးနှင့် စေတနာရှင် အလှူရှင်များက ကျပ် ၁၆ သိန်း လှူဒါန်းပေးအပ်ခဲ့ကြောင်း မြို့မိမြို့ဖတစ်ဦးက ပြောကြားသည်။  

R-16



FOLLOW US