News

POST TAGGED AS

လမ်း

လှိုင်သာယာလမ်းဆုံ ၄၀၁ ခုတွင် လမ်းအမည်ဆိုင်းဘုတ်များ တပ်မည်
ရန်ကုန်၊ မေ ၂၆

လှိုင်သာယာမြို့နယ် ရပ်ကွက်နှင့် ကျေးရွာအတွင်းရှိ လမ်းမကြီးများတစ်လျှောက်ရှိ လမ်းဆုံနေရာ ၄၀၁ ခုတွင် လမ်းအမည်ဆိုင်းဘုတ်များကို တပ်ဆင်သွားမည်ဖြစ်ကြောင်း လှိုင်သာယာမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောကြားသည်။

လက်ရှိတွင် ၁၈ ပေ နှင့် ၁၂ ပေ အကျယ်ရှိသည့် အဓိကလမ်းမကြီး တစ်လျှောက်ရှိ လမ်းဆုံများတွင် လမ်းအမည်ဆိုင်းဘုတ် ၁၇၀ ကို တပ်ဆင်ရန် စီစဉ်နေပြီး ယင်းဆိုင်းဘုတ်များတပ်ဆင်ပြီးပါက ကျန်ရှိသည့်လမ်းဆုံများတွင် ဆက်လက်တပ်ဆင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“တိုင်းလွှတ်တော်မှာ တင်ပြတာကို မြို့တော်ဝန်ကဆောင်ရွက်ပေးပါတယ်။ အခုလက်ရှိ လမ်းအမည်တွေ မကျန်စေဖို့ တာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီး တပ်ဆင်မယ့်နေရာတွေ စာရင်းကောက်ထားပါတယ်။ လှိုင်သာယာမှာနေတဲ့သူတွေရော ပြည်နယ်နဲ့တိုင်းက လာတဲ့သူတွေရော လမ်းဆိုင်းဘုတ်လေးကို ဖတ်တော့အလွယ်တကူလာလို့ ရသွားတာပေါ့” ဟု ဦးမြတ် မင်းသူက ဆိုသည်။

လှိုင်သာယာမြို့နယ်တွင် ရပ်ကွက်ပေါင်း ၂၀ နှင့်ရွာ ၉ ရွာ ရှိပြီး ယင်းရပ်ကွက်နှင့်ရွာများ၏ အဓိကလမ်းမကြီး တစ်လျှောက်ရှိ လမ်းဆုံများတွင်တပ်ဆင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ ဘတ်ဂျက်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။

“လှိုင်သာယာက လက်လုပ်လက်စားနေတဲ့သူတွေ များတယ်။ လမ်းတွေကလည်း များတယ်။ နယ်ကလာတဲ့သူတွေဆို လမ်းမသိလို့ ဟိုမေးဒီမေးနဲ့ ဒုက္ခရောက်ရတာတွေ ခဏခဏဖြစ်တယ်။ အခုလို လမ်းမကြီးတွေမှာ လမ်းနာမည် ဆိုင်းဘုတ်တွေ တပ်ထားတော့ တက္ကစီသမားတွေ၊ ကယ်ရီသမားတွေ၊ ပြည်သူတွေအတွက် သွားလာရတာ လွယ်ကူစေပါတယ်” ဟု လှိုင်သာယာမြို့နယ်တွင်နေထိုင်သူ ဒေါ်သူဇာက ဆိုသည်။

ရန်ကုန်တိုင်းရှိ မြို့နယ်များတွင် လှိုင်သာယာမြို့နယ်၌ လူဦးရေအများဆုံး နေထိုင်လျက်ရှိပြီး ပြည်နယ်နှင့်တိုင်းများမှ အလုပ်လာရောက်လုပ်ကိုင်သည့် အလုပ်သမားများနှင့် ကျူးကျော်များ အများဆုံးနေထိုင်လျက်ရှိသည်။

J-10



FOLLOW US