News

POST TAGGED AS

လမ်း

19-Feb-2018

ထားဝယ် လမ်း
ဘီလီယံတစ်ရာဝန်းကျင် ကုန်ကျနိုင်သည့် သရက်ချောင်း-ထီးခီးလမ်း ဖောက်တော့မည်
ထားဝယ်၊ ဖေဖော်ဝါရီ ၁၈

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့အနီးရှိ စုံစင်ဖျားရွာမှ ထိုင်းနိုင်ငံနယ်စပ် ထီးခီးအထိ ဆက်သွယ်မည့်လမ်းကို လာမည့်ဘဏ္ဍာရေးနှစ်တွင် စတင်ဖောက်လုပ်ရန် လျာထားကြောင်း လမ်းဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးက ပြောသည်။

လမ်းအရှည် ၇၇ မိုင်ခန့်ရှိသည့် အဆိုပါလမ်းကို ၂ လမ်းသွားအဖြစ် ဖောက်လုပ်မည်ဖြစ်ပြီး ခန့်မှန်းခြေ ကျပ် ၁၀၀ ဘီလီယံဝန်းကျင် ကုန်ကျနိုင်သည်ဟု လမ်းဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းမင်းထွဋ်က ပြောသည်။

အဆိုပါလမ်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် လမ်းအဖြစ် ဖောက်လုပ်ရန် ပြီးခဲ့သည့် ဖေဖော်ဝါရီလအစောပိုင်းက တိုင်းဒေသကြီးအစိုးရက ပြည်ထောင်စုအစိုးရထံ တင်ပြထားကြောင်း ၎င်းက ဆိုသည်။

“ပြည်ထောင်စုကလည်း ခွင့်ပြုဖို့များတယ်၊ ပြည်ထောင်စု ဘတ်ဂျက်နဲ့လား၊ ချေးငွေနဲ့လားဆိုတာ မသိရသေးဘူး”ဟု ဦးဝင်းမင်းထွဋ်က ပြောသည်။

ယင်းလမ်းကို ဖောက်လုပ်ရန် လမ်းဦးစီးဌာနက ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်း မြေပြင်ကွင်းဆင်းတိုင်းတာသည့် လုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့သည်။

အစိုးရက လုပ်ဆောင်မည့် စီမံကိန်းနှင့်ပတ်သက်၍ ဒေသခံပြည်သူများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးကာ အကြံဉာဏ်ရယူပြီးမှသာ အကောင်အထည်ဖော်သင့်ကြောင်း ထားဝယ် တိုင်းရင်းသားများပါတီ အထွေထွေအတွင်းရေးမှူး ဦးဟိန်းထက်က ပြောသည်။

“ဒါမှလည်း ကောင်းခြင်း ဆိုးခြင်းကို ဆွေးနွေးပြီး လုပ်သင့်၊ မသင့်ကို သုံးသပ်နိုင်မယ်”ဟု ဦးဟိန်းထက်က ဆိုသည်။

လမ်းအသစ်ဖောက်ခြင်းက ကောင်းကျိုးရှိမည်ဖြစ်သော်လည်း အဆိုပါလမ်းကို မည်သည့်အတွက် ဖောက်မည်ဆိုသည်ကို မသိရသည့်အတွက် ဆိုးကျိုးနှင့်ကောင်းကျိုး မချိန်ဆနိုင်ကြောင်း ကရင်တိုင်းရင်းသားများအား အကူအညီပေးနေသည့် တာကပေါအဖွဲ့မှ အကြံပေး နော်ပီသလောက ပြောသည်။

ဆိုးကျိုးအနေနှင့်မူ ဒေသခံများ၏ ဥယျာဉ်ခြံမြေများထိခိုက်ခြင်း၊ တောရိုင်းတိရစ္ဆာန် များစွာရှိနေသေးသည့် သစ်တောများအပါ် ထိခိုက်ခြင်း၊ ထားဝယ်-ထီးခီးလမ်းတွင် ဖြစ်ပေါ်နေသည့် ဒေသခံများ၏ အကျိုးစီးပွားထက် ထိုင်းနိုင်ငံသားများ၏ အကျိုးစီးပွား ပိုမိုများသွားနိုင်ခြင်း စသဖြင့် ဖြစ်ပေါ်လာနိုင်သည်ဟု ၎င်းက ဆိုသည်။

“လမ်းမလုပ်ခင်မှာ ဖြစ်လာနိုင်မယ့် လူမှုရေး၊ စီးပွားရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အကျိုးအဆက်တွေကို သေချာပြင်ဆင်ပြီးမှ လုပ်သင့်တယ်။ အဲဒီနေရာတွေက တကယ့်ကို တောကောင်းတဲ့ နေရာတွေအဖြစ်နဲ့ပဲ ရှိသေးတယ်။ တောကောင်တွေလည်း အများကြီးကျန်နေသေးတယ်”ဟု ၎င်းက ဆိုသည်။

ပြည်သူ့ဘဏ္ဍာအလုံးအရင်းဖြင့် ဖောက်လုပ်မည့် ယင်းစီမံကိန်းလမ်းကို မည်သို့သောရည်ရွယ်ချက်ဖြင့် ဖောက်လုပ်သနည်းဟု မေးခွန်းထုတ်သူများလည်း ရှိသည်။

စုံစင်ဖျားကျေးရွာသည် ဆင်ဖြူပြင် ဆိပ်ကမ်းတွင် တည်ဆောက်ရန် ပြင်ဆင်နေသည့် ငါးလေလံဈေးနှင့် မိုင် ၂၀ ဝန်းကျင်ခန့် အကွာအဝေးရှိသည်။

ထိုင်းနိုင်ငံချေးငွေဖြင့် အဆင့်မြှင့်တင်မည့် မိုင် ၉၀ ခန့်အရှည်ရှိသည့် ထားဝယ်အထူးစီးပွားရေးဇုန် ထီးခီးလမ်းပိုင်းကိုလည်း အကောင်အထည်ဖော်ရန် စီစဉ်လျက်ရှိသည်။

Dawei Watch




FOLLOW US