News

POST TAGGED AS

လမ်းဘေးဈေးသည်

လမ်းဘေးဈေးသည်များကို ရှင်းလင်းသည့် စည်ပင်ဝန်ထမ်းအချို့ ထိခိုက်ဒဏ်ရာရ
ရန်ကုန်၊ ဇန်န၀ါရီ ၃

လမ်းမတော်မြို့နယ်၊ အနော်ရထာ ၈ လမ်းထိပ်တွင် ဈေးရောင်းချနေသည့် လမ်းဘေးဈေးသည်များကို ဇန်န၀ါရီ ၃ ရက်၊ နံနက် ၉ နာရီက ရှင်းလင်းစဉ် စည်ပင် အရာရှိ နှစ်ဦးနှင့် ဝန်ထမ်းတစ်ဦး အနည်းငယ် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း လမ်းမတော်မြို့နယ် စည်ပင်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

လမ်းမတော်မြို့နယ် စည်ပင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် အနှေးယာဉ်ဖြင့် ဈေးရောင်းချနေသော ဈေးသည်များနှင့် လမ်းမပေါ်တွင် ရောင်းချသည့် ဈေးသည်များကို လာရောက် ရှင်းလင်းစဉ် အနှေးယာဉ်လုပ်သား အချို့နှင့် ဈေးသည်အချို့က ခဲ၊ ဘီယာ ပုလင်းများဖြင့် ပစ်ပေါက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ရုံးအုပ်ချုပ်ရေးမှူး ဦးကျော်အေးက ပြောကြားသည်။

“ကျွန်တော်ရယ်၊ AEO ရယ် အငယ်တန်း စာရေးရယ် သုံးယောက် ဒဏ်ရပါတယ်။ ပြင်းထန်တဲ့ဒဏ်ရာ မရပေမယ့် ကျွန်တော်ဆို ရင်ဘတ် အောင့်သွားတယ်။ ကျွန်တော့် လက်ထောက်က ခဲမှန် သွားလို့ ဒဏ်ရာနည်းနည်း ရတယ်။ နောက်တစ်ယောက်က ခေါင်းမှာ ဒဏ်ရာ ရသွားပါတယ်။ ကျွန်တော့်ကို ဘီယာပုလင်းနဲ့  လိုက်ရိုက်တာကို ဝန်ထမ်းတွေက ထိန်းလိုက်လို့ ဒဏ်ရာ သိပ်မရတာပါ။ ဆေးစစ်ချက်တွေ အရေးပေါ်ဌာနမှာ ယူထားပါတယ်”ဟု ၎င်းကဆိုသည်။

ခွင့်မပြုသည့်နေရာတွင် ဈေးရောင်းချသည့် ဈေးသည်များကို စီမံချက်အရ ဆောင်ရွက်ခြင်းဖြစ်ပြီး ဈေးရောင်းချသည့် အနှေးယာဉ်မှာ လိုင်စင်မဲ့ ဆိုက်ကား ဖြစ်သည့်အပြင် စည်းကမ်း မလိုက်နာသည့်အတွက် စည်ပင်မှ ဥပဒေအရ အရေးယူ ဆောင်ရွက်ခြင်းကို ပြန်လည် တုံ့ပြန်သည့်အတွက် ဥပဒေအရ ထိရောက်စွာ အရေး ယူဆောင်ရွက်မည် ဖြစ်ကြောင်း ဦးကျော်အေးက ဆိုသည်။

ထိုဖြစ်စဉ်တွင် စည်ပင်အရာရှိ နှစ်ဦးနှင့် ဝန်ထမ်းတစ်ဦး အနည်းငယ် ထိခိုက်ဒဏ်ရာ ရခဲ့ပြီး ဈေးသည်များဘက်မှ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း ၎င်းက  ဆက်လက် ပြောဆိုသည်။

လမ်းမတော်မြို့နယ် လက်ထောက် စည်ပင် အုပ်ချုပ်ရေးမှူး ဦးအောင်ထွဋ်ဝေက တရားလိုလုပ်ကာ ဈေးသည်များကို ရာဇသတ်ကြီးပုဒ်မ- ၃၃၂/ ၂၉၄/ ၁၁၄ ဖြင့် အမှုဖွင့်လှစ်ထားပြီး ရုန်းရင်းဆန်ခတ် ဖြစ်ပွားရာတွင် မဌေးဌေးမြင့်ဆိုသည့် အမျိုးသမီး တစ်ဦးကို ကာယိနြေ္ဒပျက်ပြားစေရန် စည်ပင်ဝန်ထမ်းအချို့က ပြုလုပ်သည်ဟုဆိုကာ ဈေးသည်များဘက်မှ ဦးဇော်ဇော်ဦးက အမှုဖွင့် တိုင်ကြားထားခြင်းကြောင့် ရာဇသတ်ကြီး ပုဒ်မ-၃၅၄ ဖြင့် အမှုဖွင့်ထားကြောင်း အဆိုပါမြို့နယ် ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။ 

J-10



FOLLOW US