News

POST TAGGED AS

လမ်းဘေးဈေးသည်

ရန်ကုန် လမ်းဘေးဈေးသည် ၂၀၀၀ ကျော်ကို ယခုနှစ်အတွင်း တရားစွဲဟု မြို့တော်ဝန်ပြော
ရန်ကုန်၊ ဇွန် ၎

ယခုနှစ်ခြောက်လအတွင်း ရန်ကုန်မြို့တွင်း လေးမြို့နယ် အပါအဝင် မြို့တွင်း ဈေးမရောင်းရလမ်းများ၌ စည်းကမ်းမဲ့ ရောင်းချသော လမ်းဘေးဈေးသည်များကို တရားစွဲဆိုထားသည့် အမှုပေါင်း နှစ်ထောင်ကျော်ရှိကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

ဇွန်လ ၄ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေး၌ မရမ်းကုန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်း၏ ဈေးမရောင်းရလမ်းများ၌ လမ်းဘေးဈေးသည်များ ရောင်းချမှုအပေါ် ရန်ကုန်မြို့တော် စည်ပင်သာယာအနေနှင့် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်နေသနည်းဟူသော မေးခွန်းနှင့်ပတ်သက်၍ မြို့တော်ဝန်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

စည်းကမ်းမဲ့ လမ်းဘေးဈေးသည်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်းရှိ ပြုပြင်ဆောက်လုပ်ထားသည့် နှစ်ထပ်ဈေးများ၌ စနစ်တကျ ဝင်ရောက်ရောင်းချနိုင်ရန် ပြောင်းရွှေ့ပေးထားသော်လည်း တားမြစ်ထားသော မြို့တွင်းလမ်းတွင် ဆက်လက် ရောင်းချသည့်အတွက် စည်ပင်သာယာဥပဒေဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနည်းဥပဒေ အခန်း (၆)၊ နည်းဥပဒေ ၂၁ အရ လမ်းဘေးဈေးဆိုင်ရောင်းချသူသည် ကော်မတီက သတ်မှတ်သည့်နေရာတွင် သတ်မှတ်သည့်အချိန်အတွင်း သတ်မှတ်ထားသည့် ကုန်ပစ္စည်းကို ရောင်းချရမည်ဟု ဖော်ပြထားသည်။

“စီမံခန့်ခွဲမှု ကောင်းကောင်းနဲ့ မလုပ်နိုင်သရွေ့တော့ လမ်းဘေးဈေးသည် ပြဿနာက ကြီးထွားနေဦးမှာပဲ”ဟု လသာမြို့နယ်နေ ဦးသန်းထွဋ်ကဆိုသည်။

ရန်ကုန်မြို့တွင်း ကျောက်တံတား၊ လသာ၊ ပန်းဘဲတန်း၊ လမ်းမတော်မြို့နယ်များရှိ ဈေးမရောင်းချရန် တားမြစ်ထားသော လမ်းများဖြစ်သည့် ဗိုလ်ချုပ်လမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ ကုန်သည်လမ်း၊ ကမ်းနားလမ်း၊ ပန်းဆိုးတန်းလမ်း၊ ဆူးလေဘုရားလမ်း၊ ရွှေတိဂုံဘုရားလမ်း၊ လသာလမ်း၊ လမ်းမတော်လမ်းနှင့် ဘုန်းကြီးလမ်းတို့တွင် ရောင်းချခြင်းကြောင့် ယခုနှစ်ခြောက်လအတွင်း အထက်ပါအတိုင်း တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

J-17



FOLLOW US