News

POST TAGGED AS

လမ်းဘေးဈေးသည်

၁၆၇လမ်းအတွင်း လမ်းဘေးဈေးသည်များကို စတင်ဖမ်းဆီး
ရန်ကုန်၊ ဇန်နဝါရီ ၃၀

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ၁၆၇ လမ်းအတွင်းရှိ ပျံကျလမ်းဘေးဈေးသည်များကို အများပိုင်နေရာတွင် ဈေးရောင်းချခြင်း မပြုလုပ်ရန် စတင်ဖမ်းဆီးလျက်ရှိကြောင်း အဆိုပါလမ်းတွင် ဈေးရောင်းချနေသည့် လမ်းဘေးဈေးသည်များထံမှ စုံစမ်းသိရှိရသည်။

၁၆၇ လမ်းတွင် ရောင်းချနေသည့် ပျံကျဈေးသည်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဇန်နဝါရီလ ၂၉ ရက်၊ နံနက်ပိုင်းကလိုက်လံကာ ဖမ်းဆီးမှုများကြောင့် အချို့ဈေးသည်များမှာ လာရောက်ရောင်းချခြင်း မရှိတော့ကြောင်း ဈေးသည်များထံမှ စုံစမ်း သိရှိရသည်။

“ဇန်နဝါရီ ၂၉ရက် မနက်ပိုင်းကတော့ ဈေးသည်တွေကို မောင်းထုတ်တယ်။ ဈေးသည်တွေရဲ့ တောင်းတွေကို ဆွဲတင်တယ်။ စတင် ဖယ်ရှားတယ်။ မပြောင်းတဲ့ ဈေးသည်တွေကို စည်ပင် တည်ဆဲဥပဒေအရ အရေးယူမယ် ပြောတယ်”ဟု ၁၆၇ လမ်းတွင် ဟင်းသီး ဟင်းရွက် ရောင်းချနေသူ လမ်းဘေးဈေးသည်တစ်ဦးက ဆိုသည်။

အဆိုပါ ၁၆၇ လမ်းအတွင်းရှိ လမ်းဘေးဈေးသည်များ ဈေးရောင်းချမှုကြောင့် လမ်းသွား လမ်းလာများနှင့် မော်တော်ယာဉ်များ သွားလာရန် အဆင်မပြေမှုများ ရှိနေပြီး အမှိုက်များကို စည်းကမ်းမဲ့ စွန့်ပစ်မှုများကြောင့် အနံ့အသက်ဆိုးထွက်ရှိနေကာ ပတ်ဝန်းကျင်ကို ထိခိုက်စေသောကြောင့် ရှင်းလင်းရခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီထံမှ သိရသည်။

“အခု လက်ရှိကတော့ ၁၆၇ လမ်းမှာ ဈေးရောင်းချနေတဲ့ ဈေးသည်တွေကို အရင် ပို့ထားတဲ့ သတိပေးစာ၊ အကြောင်းကြားစာအပြင် နောက်ထပ် မပို့ထားပါဘူး။ ဈေးသည်တွေကတော့ အခုလက်ရှိ အဲဒီနေရာမှာပဲ ဈေးရောင်းချနေတုန်းပါ။ တရားဝင် ဖယ်ရှားဖို့ ညွှန်ကြားစာတော့ မလာသေးဘူး”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အကြီးတန်း အရာရှိက ပြောကြားသည်။

၁၆၇ လမ်းတွင် ရောင်းချနေသည့် ပျံကျဈေးသည်များကို ဇန်နဝါရီ ၂၁ ရက် ညနေ ၆ နာရီ နောက်ဆုံးထား၍ ပြောင်းရွှေ့ပေးရန် သတိပေး အကြောင်းစာကို ယခုလ တတိယအပတ်က ပေးခဲ့သော်လည်း ပြောင်းရွှေ့ခြင်းမရှိဘဲ ဆက်လက် ရောင်းချမှုများ ရှိနေသည့်အတွက် သတိပေးစာ ထပ်မံ ထုတ်ကာ ရှင်းလင်းသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီထံမှ သိရသည်။

“ဒီလမ်းက ဈေးရောင်းရတဲ့နေရာ မဟုတ်ပါဘူး။ ဒီလမ်းထဲမှာ ဈေးရောင်းချတဲ့အတွက် ပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့အပြင် လမ်းသွားရတာလည်း အခက်အခဲ ဖြစ်ပါတယ်။ သက်ဆိုင်ရာ ဌာနအနေနဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာပါ”ဟု တာမွေမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့်က ဆိုသည်။

တာမွေမြို့နယ် ၁၆၇ လမ်းတွင် ရန်ကုန်တိုင်းရှိ မြို့နယ် အသီးသီးမှ လမ်းဘေးဈေးသည် ၃၀၀ ကျော်ခန့် လာရောက် ရောင်းချလျက်ရှိပြီး ယင်းဈေးသည်များကို ပြောင်းရွှေ့ခိုင်းသောကြောင့် ဈေးသည်များ စားဝတ်နေရေးအတွက် အခက်အခဲ များစွာ ကြုံတွေ့နိုင်ကြောင်း လမ်းဘေးဈေးသည်များထံမှ သိရသည်။

တာမွေရာပြည့်ဈေးရှိ ၄ ပေ၊ ၅ ပေ ဆိုင်ခန်းများကို တစ်ခန်းလျှင် ကျပ်သိန်း ၄၀ မှ ၈၀ ဖြင့်လည်းကောင်း၊ ဆိုင်ခန်းငှားခများမှာလည်း တစ်လလျှင် ကျပ်သုံးသောင်းခွဲမှ ကျပ်ငါးသောင်းဖြင့်လည်းကောင်း ငှားရမ်းလျက်ရှိပြီး ယင်းဈေးနှုန်းများမှာ လမ်းဘေးပျံကျ ဈေးသည်များအတွက် မြင့်မားသောကြောင့် ယင်းဈေးအတွင်း ပြောင်းရွှေ့ရောင်းချရန် မဖြစ်နိုင်ကြောင်း လမ်းဘေးဈေးသည်ထံမှ သိရသည်။

J-10



FOLLOW US