News

POST TAGGED AS

လမ်းဘေးဈေးသည်

၅၂ လမ်း နေ့/ည ဈေးသည်များ မူလနေရာပြန်ရောင်းပါက အရေးယူမည်
ရန်ကုန်၊ ဇန်နဝါရီ ၈

ရန်ကုန်မြို့တွင် ဇန်နဝါရီလ ၃ ရက်က ပထမဆုံးဖွင့်လိုက်သော ၅၂ လမ်း နေ့/ညဈေးတန်းတွင် စမတ်ကတ်ထုတ်ယူ၍ မူလနေရာဟောင်း၌ ပြန်လည်ရောင်းချသည့် လမ်းဘေးဈေးသည်များကို စိစစ်၍ စည်ပင်သာယာဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း ပုဇွန်တောင်မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

“နေ့ညဈေးတန်းက စည်ကားမှုနည်းပါးသေးတာ လက်ခံတယ်။ စမတ်ကတ်ယူပြီးမှ လာမရောင်းတဲ့ ဈေးသည်တွေရှိလို့ အတိအကျစုံစမ်းနေတယ်။ ပြန့်ကျဲနေလို့ တစ်နေရာတည်းမှာ စနစ်တကျလေး စီစဉ်ပေးထားတော့ ရပ်ကွက်၊ လမ်းတွေမှာ ပြန်ရောင်းနေတယ်။ အချိန်တစ်ခုတော့ စောင့်ကြည့်နေပါတယ်”ဟု ပုဇွန်တောင်မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး အကြီးတန်းတာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ပုဇွန်တောင်မြို့နယ်၊ ၅၂ လမ်း နေ့/ညဈေးတန်းတွင် ရောင်းချနိုင်ရန် အထက်ပုဇွန်တောင်လမ်း၊ အောက်ပုဇွန်တောင်လမ်း၊ မဟာဗန္ဓုလလမ်းနှင့် ရပ်ကွက်လမ်းသွယ်များရှိ ဈေးသည် ၂၀၀ ကျော်ကို စုစည်း၍ နေ့ဈေးတန်းနှင့် ညဈေးတန်းအလိုက် လျှောက်ထားရန် အဆိုပြုခဲ့ခြင်းဖြစ်ကြောင်း ပုဇွန်တောင်မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

ထို့နောက် ၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်မှစ၍ ပုဇွန်တောင်မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးတွင် နေ့ဈေးရောင်းလိုသူ ဈေးသည် ၉၀ ကျော်နှင့် ညဈေးရောင်းလိုသူ ဈေးသည် ၁၂၀ ကျော် စမတ်ကတ်များ အသီးသီးထုတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ပုဇွန်တောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်က ပြောကြားသည်။

“လမ်းဘေးဈေးသည် ရှင်းလင်းရေး ရည်ရွယ်ချက်နဲ့ ဈေးတန်းဖွင့်ပေးတာပါ။ အခုဈေးဖွင့်မယ့်နေရာမှာ အသုံးပြုဖို့ လမ်းပြည်သူတွေနဲ့ အများကြီးညှိနှိုင်းခဲ့ရတယ်။ ဥပဒေနဲ့မညီလို့  ဥပဒေနဲ့ညီတဲ့နေရာကို ပြောင်းပေးတယ်။ ဒါကိုလက်မခံဘဲ မူလနေရာ ပြန်ရောင်းတာကို လက်မခံပါဘူး။ စည်းကမ်းလိုက်နာတဲ့ ဈေးသည်က နစ်နာတယ်။ စစ်ဆေးဖော်ထုတ်မှာပါ”ဟု ၎င်းက ဆိုသည်။

ထို့အပြင် နေ့ညဈေးတန်းတွင် အမိုးအကာတဲ ၁၂၀ ကျော် ခင်းကျင်းထားကာ ဆိုင်ခန်းတစ်ခန်းလျှင် ၈ ပေ ပတ်လည် နေရာသတ်မှတ်ပေးထားပြီး ရေမီးအစုံအလင်ရရှိရန် စီစဉ်ထားသည့်အပြင် ဈေးတန်းလုံခြုံရေးအတွက် လုံခြုံရေးဝန်ထမ်းအချို့ကိုလည်း ငှားရမ်းထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

“ဈေးအတွက် သန့်ရှင်းရေးဝန်ထမ်းလည်း အများကြီးပေးရတယ်။ နေ့ဈေးနဲ့ညဈေးကြားထဲမှာ ကွာဟချိန် ၃ နာရီပဲ ခြားတယ်။ ဒီအချိန်ကို အလျင်အမီရှင်းရတယ်။ အပြောင်းအလဲတစ်ခု  ဖော်ဆောင်ချိန်မှာ ချက်ချင်းတော့ အဆင်မပြေနိုင်ဘူး။ စည်ကားဖို့ နည်းနည်းတော့ စောင့်ရမယ်”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

နေ့ဈေးတန်းတွင် သား၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့် လက်ဖက်ရည်ဆိုင်များ ပါဝင်မည်ဖြစ်ပြီး နံနက်ပိုင်း ၆ နာရီမှ ၁၂ နာရီအထိ သတ်မှတ်ထားပြီး ညဈေးတန်းတွင် အစားအစာနှင့်ပတ်သက်သော ဈေးသည်များ ရောင်းချမည်ဖြစ်ကာ မွန်းလွဲ ၃ နာရီမှ ည ၁၁ အထိ ခွင့်ပြုထားကြောင်း  ပုဇွန်တောင် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

အဆိုပါ နေ့/ညဈေးတန်း စီစဉ်ရာတွင် လစဉ်အသုံးပြုရမည့် အထွေထွေကုန်ကျစရိတ် ရှိခြင်းကြောင့် ဈေးသည်အားလုံးကို စမတ်ကတ်ထုတ်ပေးစဉ်က နေ့ဈေးသည်တစ်ဦးလျှင် စမတ်ကတ် ကြေး ၁၅,၀၀၀ ကျပ်နှင့် ညဈေးသည်တစ်ဦးလျှင် ကျပ် ၂၀,၀၀၀ ကောက်ခံခဲ့ကြောင်း ပုဇွန်တောင်မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးရုံးထံမှ သိရသည်။

ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ဩဂုတ်လ ၃၁ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (ပထမနေ့) တွင်  ရန်ကုန်တိုင်းအတွင်း မြို့နယ်အလိုက် ညဈေးတန်းနှင့် အချိန်ပိုင်းဈေးတန်းများဖွင့်ရန် အစီအစဉ်ရှိပြီး စည်ပင်သာယာအနေနှင့် ဘတ်ဂျက်များ ထည့်သွင်းပေးမည်ဟု ထည့်သွင်းပြောကြားထားသည်။  

J-17



FOLLOW US